လူကြိုက်များတဲ့ New Zealand ဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်

New Zealand ဝန်ကြီးချုပ် John Key 

လူကြိုက်များတဲ့ နယူးဇီလန် ဝန်ကြီးချုပ် John Key က မမျှော်လင့်ပဲ တနင်္လာနေ့က ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။ ၈ နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် သူ့ရာထူး သက်တမ်းမှာ လူထုရဲ့ထောက်ခံမှု ကြီးမားခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ၊ နောက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရင်လည်း သူ့ပါတီ အနေနဲ့ အနိုင်ရလိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း၊ ဒါပေမယ့် သူ့အနနဲ့ စတုတ္ထသက်တမ်း ဆက်ပြီးထမ်းဆောင်ဖို့ ဆန္ဒမရှိတော့တဲ့အကြောင်း နယူးဇီလန် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်ကောင်းတွေအနေနဲ့ ဘယ်အချိန်မှာ ရာထူးကနေ အနားယူရမယ်ဆိုတာ သိရှိသဘောပေါက်ကြတဲ့ အကြောင်းနဲ့ သူ့ရဲ့ နိုင်ငံရေးသက်တမ်း အတွင်း သူ့ဇနီးနဲ့ ကလေးငယ် ၂ဦးတို့ အနစ်နာခံ စွန့်လွှတ်ခဲ့ရတာတွေအတွက် သူနောင်တရကြောင်း ဝန်ကြိးချုပ် Key က ပြောကြားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က ဗဟို လက်ဝဲယိမ်း အမျိုးသားပါတီအနိုင်ရဖို့ သူက ခေါင်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်-ဟယ်လင်ကလပ် ဦးဆောင်ခဲ့တဲ့ လေဘာပါတီရဲ့ ၉ နှစ်ကြာ သက်တမ်းကို အဆုံးသတ်စေခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ခုက ကမ္ဘာ့ စီးပွားရေး ပဋိပက္ခအတွင်း သူ့နိုင်ငံကို ဦးဆောင်နိုင်ခဲ့မှုဟာ သူ့အတွက် ဂုဏ်အယူဆုံး အောင်မြင်မှုတွေဖြစ်တယ်လို့ Keyက ပြောကြား ခဲ့ပါတယ်။ နောက်လကျင်းပမယ့် သူ့ရဲ့ အမျိုးသားပါတီညီလာခံမှာ Key ကတရားဝင်နှုတ်ထွက်စာ တင်သွင်းလိမ့်မယ်လို့ မျှော်လင့်ရပြီး သူ့အနေနဲ့ နောက်နှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ ရှောင်တဲ့အနေနဲ့ လွှတ်တော်အမတ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ သူ့ရာထူးနေရာမှာ သူ့ရဲ့လက်ထောက် Bill English ကို အစားထိုးခန့်အပ်ဖို့လည်း ထောက်ခံသွားမယ်လို့ Key ကပြောပါတယ်။

Your browser doesn’t support HTML5

လူကြိုက်များတဲ့ New Zealand ဝန်ကြီးချုပ် ရာထူးကနှုတ်ထွက်