တရုတ်-မြန်မာ သစ်မှောင်ခိုလုပ်ငန်း

Your browser doesn’t support HTML5

တရုတ်-မြန်မာ သစ်မှောင်ခိုလုပ်ငန်း


ရှေ့နှစ်မတ်လကုန်အထိ မြန်မာတပြည်လုံးမှာ သစ်ထုတ်လုပ်ခွင့် ပိတ်ပင်ပြီး ပဲခူးရိုးမမှာ (၁၀) နှစ် ပိတ်ဖို့ NLD အစိုးရ ဆုံးဖြတ်လိုက်တာဟာ မြန်မာသစ်တောကို အသက်ဆက်ပေးလိုက်တာ ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် EIA ပတ်ဝန်းကျင် စုံစမ်းရေး အေဂျင်စီက သြဂုတ်လ (၄) ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ခုတ်ပြီး ပုံထားတဲ့ သစ်တွေကို သုံးနှစ်လောက် အသုံးပြုနိုင်တာမို့ သစ်ဈေးကွက်ကို ထိခိုက်စရာ မရှိဘူးလို့ ဆိုပါတယ်။ သုံးနှစ်စာ သစ်ပုံကို မြန်မာ့သစ်လုပ်ငန်းဌာနက ထိန်းချုပ်ထားတာမို့ ရောင်းတဲ့အခါမှာ တရားဝင်စာရွက်စာတမ်း ခိုင်မာဖို့နဲ့ မှောင်ခိုကင်းရှင်းဖို့ လိုတယ်လို့လည်း ထောက်ပြထားပါတယ်။

အနောက်တိုင်းဈေးကွက်မှာ သစ်ထောက်ခံချက် Timber Certification နဲ့ တရားဝင်မှု Legality of Timber ကို အဓိကထားတဲ့အတွက် တရားဥပဒေနဲ့အညီ ထိန်းချုပ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တရုတ်နဲ့ ထိုင်းကုန်သည်ဟာ ခိုးရောင်းတဲ့သစ်ကို ဝယ်ပေမယ့် ဥရောပကုန်သည်ကတော့ တရားဝင် ရောင်းတဲ့သစ်ကိုသာ ဝယ်ခွင့်ရပါတယ်။ ၂၀၁၄ တနှစ်ထဲမှာ သစ်ကုဗမီတာ (၉) သိန်း ဒေါ်လာသန်း (၅၀၀) ဖိုး ယူနန်က ဝယ်ယူတယ်လို့ EIA က ဆိုပါတယ်။ ခိုးထုတ်တဲ့သစ်ကို ဝယ်ယူတာဟာ သစ်တောပြုန်းတီးမှုကို အားပေးတာဖြစ်လို့ တရားဥပဒေကို ဂရုမစိုက်တဲ့သဘော ဖြစ်ပါတယ်။

မြန်မာသစ်ကို နည်းမျိုးစုံသုံးပြီး ယူနန်ပြည်နယ်ကို တင်ပို့နေတာ အနှစ် (၃၀) နီးပါး ရှိနေပါပြီ။ ကျွန်း၊ ပိတောက် နဲ့ တမလန်းသားတွေကို အလုံးလိုက် တင်ပို့နေတာ ဖြစ်ပါတယ်။ ဟိုးလေးတကျော် ဖြစ်သွားတဲ့အခါ သစ်ထုတ်ယူမှု အရှိန်လျော့သွားပေမယ့် မကြာခင် အရှိန်ပြန်ရတာ တွေ့ရပါတယ်။ သစ်မှောင်ခိုမှုဟာ အပြင်က မြင်သလို ဗလုံးဗထွေး ဖြစ်နေတာ မဟုတ်ဘဲ၊ အစီအစဉ်နဲ့ လုပ်နေတာဖြစ်ကြောင်း EIA ပတ်ဝန်းကျင် စုံစမ်းရေး အေဂျင်စီက Organized Chaos ဆိုတဲ့ စာတမ်းကို မနှစ်က ထုတ်ထားပါတယ်။ တရုတ်-မြန်မာ သစ်မှောင်ခိုလုပ်ငန်းကို အသေးစိတ် လေ့လာထားတာပါ။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဗမာအစိုးရတပ်ဟာ တနည်းမဟုတ်တနည်း သစ်မှောင်ခိုမှုမှာ ပါဝင်နေတာ တွေ့ရပါတယ်။ တကယ်တော့ အဖွဲ့အစည်းအမျိုးမျိုးနဲ့ ပတ်သက်နေတဲ့ သစ်မှောင်ခိုလုပ်ငန်းမှာ ဖြစ်ပါတယ်။

ဗမာအစိုးရတပ်၊ ကချင်လက်နက်ကိုင် နဲ့ တရုတ်အရာထမ်းတွေကို စည်းရုံးပြီး အောင်မြင်စွာ သစ်မှောင်ခိုကူးနေတဲ့ ဒေသခံအဖွဲ့ကို BDYA လေးဦးဂိုဏ်းလို့ ခေါ်ပါတယ်။ မြောက်ပိုင်းတိုင်းမှူးတွေကို လာဘ်ထိုးပြီး မြန်မာ့သစ်တွေ ယူနန်ရောက်အောင် ခိုးထုတ်နိုင်သူတွေ ဖြစ်ပါတယ်။ ဥပမာ (၂၀၀၉) မှာ သစ်ခုတ်ယူခွင့်ရအောင် ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒေါ်လာတသန်းခွဲ ဆက်ကြေးပေးနိုင်တဲ့ ဂိုဏ်း ဖြစ်ပါတယ်။ ဗန်းမော်ခရိုင်မှာ သစ်ခုတ်နိုင်အောင် မြောက်ပိုင်းတိုင်းမှုး ဗိုလ်ချုပ်စိုးဝင်း ကို ဒေါ်လာ (၉) သောင်း လာဘ်ထိုးရတယ်လို့ ဆိုပါတယ်။ ၂၀၁၁ မှာ အစိုးရတပ်နဲ့ KIA ပြန်လည်တိုက်ခိုက်တဲ့အခါ လေးဦးဂိုဏ်းရဲ့ သစ်မှောင်ခိုလုပ်ငန်းလည်း တိုးပွားလာပါတယ်။ သစ်မှောင်ခို ကားတစီးကို ဒေါ်လာငါးထောင်နှုန်းနဲ့ အစိုးရတပ်ကို ဆက်ကြေးပေးရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်က ခိုးသွင်းလာတဲ့သစ်ဟာ ယူနန်မှာ အခွန်ပေးဆောင်ပြီးတာနဲ့ တရားဝင်သစ်တွေ ဖြစ်ကုန်တာမို့ သိုလှောင်ရတာ လွယ်ကူသလို စစ်ဆေးရတာလည်း လွယ်ကူပါတယ်။ သစ်လုံးတင်ပို့မှုကို ၂၀၁၄ ဧပြီလဆန်းမှာ ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ယူနန်ကို သစ်လုံးတွေ ဝင်နေတုန်း ဖြစ်ပါတယ်။ ၂၀၁၄ က တရုတ် (၁၅၀) ကျော် ဖမ်းဆီးရမိတဲ့နေရာမှာ သစ်ခုတ်နေတဲ့ တရုတ်အလုပ်သမား (၁၆၀၀) ရှိတယ်လို့ EIA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သစ်မှောင်ခိုလုပ်ငန်းဟာ တရုတ်ကုမ္ပဏီနဲ့ ကြားပွဲစားတွေ အကွက်ချစီမံပြီး လုပ်တဲ့ အလုပ်ဖြစ်ပါတယ်။ ဗမာအာဏာပိုင်ကို လာဘ်ထိုးနိုင်တဲ့ ကြားပွဲစား BDYA လေးဦးဂိုဏ်းဆိုရင် ရွှေလီမှာတောင် ရုံးဖွင့်ထားနိုင်ပါတယ်။ လွှတ်တော်အမတ် စခုန်တင့်ရဲ့ မွေးစားသားဖြစ်သူ နယ်ခြားစောင့်တပ်မှူးတဦးဟာလည်း ကြားပွဲစားတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ သစ်ထုတ်ယူခွင့်ပြုထားတဲ့ တရုတ်စာရွက်စာတမ်းတွေနဲ့ မြန်မာဘက်မှာ ဂိတ်ကြေးပေးရတဲ့ ပြေစာတွေကိုကြည့်ပြီး မြန်မာပြည်မှာ တရားဝင် သစ်ခုတ်ခွင့်ရတယ်လို့ တရုတ်ဘက်က မြင်ပါတယ်။ ဒါကြောင့် တရုတ်သစ်မှောင်ခိုတွေကို မတရားအဖမ်းခံရသူအဖြစ် တရုတ်မီဒီယာမှာ ဖော်ပြကြပါတယ်။ ဒါပေမဲ့ မြန်မာ့သစ်တောဥပဒေနဲ့ သစ်လုံးတင်ပို့မှု ပိတ်ပင်တဲ့ဥပဒေကို ဆန့်ကျင်သူတွေကို သစ်သူခိုးအဖြစ် မြန်မာဘက်က မြင်ပါတယ်။ တရုတ်သစ်သူခိုးနဲ့ ပူးပေါင်းသူဟာလည်း ကြံရာပါဖြစ်ပေမယ့် တရုတ်အာဏာပိုင်ကတော့ ခိုးသွင်းတဲ့သစ်ကို တရားဝင်သစ်အဖြစ် လက်ခံကြိုဆိုပါတယ်။

တရားအရာထမ်းတွေနဲ့ တွေ့ဆုံရင် သစ်ခိုးသွင်းမှုကို အရေးယူမယ့်အကြောင်း ပြောပေမယ့် လက်တွေ့ကတော့ သစ်မှန်သမျှ လက်ခံနေတုန်း ဖြစ်ပါတယ်။ ၂၀၁၄ အထိ မြန်မာဘက်က သစ်ကုဗမီတာ (၁၁) သန်းကျော်၊ ဒေါ်လာသန်းသုံးထောင်ဖို့ တင်သွင်းတဲ့အနက် (၄၀) ရာခိုင်နှုန်းက တမလန်းသား ဖြစ်ပါတယ်။ တရုတ် ပရိဘောဂလုပ်ငန်းအတွက် တမလန်းသား အများဆုံး တင်သွင်းတာမို့ တမလန်း နဲ့ ပိတောက်ကို ကွယ်ပျောက်နိုင်တဲ့ သဘာဝပစ္စည်းအဖြစ် ကုလသမဂ`၈ သတ်မှတ်ဖို့ နဲ့ မြန်မာသစ်လုပ်ငန်းဌာနကို ဖျက်သိမ်းပြီး ပွင့်လင်းမြင်သာတဲ့ သစ်လုပ်ငန်းကို အဓိကထားဖို့ EIA အဖွဲ့က အကြံပေးထားပါတယ်။