Your browser doesn’t support HTML5
ဗိုလ်ချုပ်ကြီးနေဝင်း ကြီးစိုးတဲ့ မဆလ ဆိုရှယ်လစ်ခေတ် (၂၆) နှစ်မှာ ဖားကန့်ဒေသကို KIA က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ချုပ်ကိုင်ပြီး ကျောက်စိမ်းဟာ KIA ရဲ့ အဓိကရန်ပုံငွေ ဖြစ်ပါတယ်။ ၁၉၈၈ မှာ စစ်အစိုးရတက်လာပြီး ဗကပ တဖြစ်လဲ လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲတဲ့အခါ အစိုးရတပ်ဟာ KIA ကို ဦးတည်တိုက်ခိုက်ပြီး ကျောက်စိမ်းတွင်းတွေကို သိမ်းပိုက်လာပါတယ်။ ဒါကြောင့် KIA ဟာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲဖို့ ၁၉၉၄ မှာ သဘောတူလိုက်ရတာ ဖြစ်တယ်လို့ Global Witness အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ (၁၇) နှစ်ကာလမှာ ကျောက်စိမ်းဒေသကို ဝိုင်းအမဲဖျက်ကြပါတယ်။
ဦးသိန်းစိန်အစိုးရ တက်လာပြီးမကြာမီ ၂၀၁၁ ဇွန်လမှာ ကချင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ဖြစ်ပွားတာ အခုအချိန်အထိပါပဲ။ တိုက်ပွဲပြန်ဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ ကျောက်စိမ်းနဲ့ ပတ်သက်တာတွေ ပါဝင်နေပါတယ်။ ကချင်ပြည်နယ်က ကျောုက်စိမ်းကို စစ်အုပ်စု၊ ခရိုနီအသိုင်းအဝိုင်းနဲ့ ဝတပ်ဖွဲ့တို့က လက်ဝါးကြီးအုပ် အမြတ်ထုတ်နေတာမို့ ကချင်ပြည်သူတွေဟာ ကိုယ်ခြံထဲက သစ်သီးကိုယ်စားခွင့်မရှိတဲ့ဘဝ ရောက်နေတယ်လို့ မြင်ကြပါတယ်။ ငြိမ်းချမ်းသွားရင် ကျောက်စိမ်းဒေသကို လက်လွှတ်ရမှာမို့ အကျိုးခံစားနေရတဲ့ စစ်အုပ်စုအသိုင်းအဝိုင်းအတွက် ဆုံးရှုံးစရာတွေများနေပါတယ်။
ကျောက်စိမ်းထွက်တဲ့ လုံးခင်း၊ ဖားကန့်၊ မိုးညဉ်း၊ နန့်ယား စတဲ့နေရာတွေကို အစိုးရတပ်က ချုပ်ကိုင်ထားပေမယ့် KIA သြဇာခံဒေသဖြစ်တဲ့အတွက် ဆက်ကြေးကောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အစိုးရတပ်ကလည်း ကျောက်စိမ်းလုပ်ငန်းက ငွေဝင်ဖို့ကိုသာ အဓိကထားပါတယ်။ လုပ်ငန်းကြီးတွေရဲ့ လုံခြုံရေးကို စစ်တပ်က တာဝန်ယူတဲ့အခါ ဆက်ကြေးအများကြီးရပါတယ်။ လုပ်ငန်းငယ်တွေကိုတော့ ကြားပွဲစား၊ သတင်းပေးနဲ့ရဲတို့ကတဆင့် (၂၀) ရာခိုင်နှုန်းဆက်ကြေးကောက်ပါတယ်။ ဖားကန့်က ဗျူဟာမှူးကို ကျပ်ငွေသိန်းငါးဆယ်က တရာအထိ ဆက်ကြေးပေးရပြီး ကျောက်စိမ်းတွင်းစောင့်ပေးတဲ့ စစ်သားတွေကိုလည်း ထောက်ပံ့ကြေးပေးရပါတယ်။ တရုတ်ပြည်ကို ကျောက်စိမ်းခိုးထုတ်သူတွေဟာ အစိုးရကို ဆက်ကြေးပေးရပါတယ်။ မြောက်ပိုင်းတိုင်းမှူးနဲ့ အဆင်ပြေဖို့ လာဘ်ထိုးရပါတယ်။
ကျောက်စိမ်းလုပ်ငန်းက အကျိုးအမြတ်ရယူဖို့အတွက် အစိုးရတပ်နဲ့ KIA နားလည်မှုယူပြီး ပူးပေါင်းဆောင်ရွက်တာမျိုးလည်း ရှိပါတယ်။ KIA ရဲ့ ကျောက်စိမ်းသယ်ယူပို့ဆောင်မှုကို အစိုးရတပ်က မသိချင်ယောင်ဆောင်နေတာမျိုး ရှိပါတယ်။ ကျောက်စိမ်းအောင်တဲ့အခါမှာ ဘယ်လောက်ဆက်ကြေးယူမယ်ဆိုတာကို အစိုးရတပ်ကို KIA သဘောတူချက်ရယူနိုင်တယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းလေးတွေကို ဆက်ကြေးတောင်းရာမှာ ဗျူးဟာမှူးနဲ့ KIA တပ်ရင်း (၆) အသုံးပြုတဲ့ ကြားပွဲစားတွေဟာ အတူတူဖြစ်နေတာ တွေ့ရပါတယ်။ ဒီကြားုပွဲစားနဲ့ အဆက်အသွယ်လုပ်တာကြောင့် နားလည်မှုလွဲမှားပြီး ပစ်ခတ်တာမျိုးမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။ ကချင်ပြည်နယ်က လက်နက်ကိုင်တွေဟာ ရာခိုင်နှုန်းပြည့် စစ်ဖြစ်တာကို မလိုလားသလို ရာခိုင်နှုန်းပြည့် ငြိမ်းချမ်းရေးရမှာကိုလည်း မလိုလားဘူးလို့ ဆိုပါတယ်။
လက်တွေ့စစ်မတိုက်ရဘဲ ကျောက်စိမ်းက ဆက်ကြေးရအောင် မြွေမသေတုတ်မကျိုး အခြေအနေမျိုးကိုသာ အစိုးရစစ်တပ်က လိုလားပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ကို စစ်တပ်ထောက်ခံဖို့အတွက် ကချင်ပြည်နယ်မှာ စစ်တပ် ဘယ်လိုပြုမှုကျင့်ကြံတယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ၂၀၁၁ မှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားတဲ့အခါ KIA ဟာ ကျောက်စိမ်းလုပ်ငန်းကို ပြန်လည်ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ်တယ်လို့ Global Witness ကို ပြောပြပါတယ်။ ဒီလိုလုပ်နိုင်အောင် ကျောက်စိမ်းဒေသမှာ KIA တပ်ဖွဲ့တွေကို နေရာချထားရပါတယ်။ ၂၀၁၂ ဇန်နဝါရီလမှာ ဒေါ်လာသန်း (၂၀) KIA က ဆက်ကြေးကောက်ယူနိုင်ခဲ့ပါတယ်။ KIA ရဲ့ အောင်မြင်မှုကို ဝန်ကြီးအချို့ မကျေနပ်တဲ့အတွက် KIA ဆက်ကြေးမရအောင် ၂၀၁၂ မေလမှာ ကျောက်စိမ်းထုတ်လုပ်မှုကို ပိတ်ပင်လိုက်ပါတယ်။
၂၀၁၄ ကျောက်စိမ်း ပြန်လည်ထုတ်ယူခွင့်ပြုတဲ့အခါမှာ KIA ဟာ ဆက်ကြေးပြန်ကောက်နိုင်တာ တွေ့ရတယ်လို့ Global Witness က ဆိုပါတယ်။ ဆက်ကြေးလက်ခံရရှိကြောင်း KIA က ပေးတဲ့ ပြေစာဟာ တရုတ်နယ်စပ်အထိ ကျောက်စိမ်းသယ်ခွင့်ပြုတဲ့လက်မှတ် ဖြစ်ပါတယ်။ လိုင်ဇာဌာနချုပ်ကတဆင့် တရုတ်ပြည်ကို တင်ပို့တာလည်း ရှိပါတယ်။ ၂၀၁၂ မတိုင်မီက KIA ဟာ ယူနန်မှာ ကုမ္ပဏီဖွင့်ပြီး ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းဟာ ဝင်ငွေများသလောက် တာဝန်ခံမှု အလွန်နည်းပါးပါတယ်။ လက်နက်ကိုင်တွေရဲ့ လျှို့ဝှက်စီးပွားရေးလုပ်ငန်းလို ဖြစ်နေပါတယ်။
Global Witness အစီရင်ခံစာဟာ အပေါ်ယံလေ့လာမှုသာဖြစ်လို့ မသိနိုင်မမြင်နိုင်တာ အများကြီး ကျန်နေပါတယ်။ ကျောက်စိမ်းကုမ္မဏီကြီးတွေကို စစ်အုပ်စုမိသားစုတွေ ချုပ်ကိုင်တယ်ဆိုတဲ့သတင်းကို စုံစမ်းလေ့လာဖို့ လိုပါတယ်။ ကျောက်စိမ်းလုပ်ငန်းကို တရုတ်ပြည်မှာ ဘယ်သူ အကျိုးခံစားနေရတယ်။ မြန်မာပြည်မှာ ဘယ်လောက် သြဇာလွှမ်းမိုးနိုင်တယ်ဆိုတာကိုလည်း မသိနိုင်သေးပါဘူး။ ကျောက်စိမ်းငွေတွေ တရုတ်ပြည်မှာရော မြန်မာပြည်မှာပါ တောင်လိုပုံနေပါတယ်။ သယံဇာတနဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဦးသိန်းစိန်အစိုးရ အစပျိုးသွားတာတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့လိုကြောင်း Global Witness အဖွဲ့က သုံးသပ်တင်ပြထားပါတယ်။