သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ကျောက်စိမ်းရှာဖွေတဲ့ ကုမ္ပဏီ တွေက စွန်ပစ်မြေစာပုံတွေစွန့်ပစ်ထားရာကနေ စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေထဲက ၂ ဦးကတော့ ပျောက်ဆုံးနေကြောင်း ဖားကန့်အုပ်ချုပ်ေ၇းမှူးကပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှာ ကျောက်စိမ်းရှာဖွေတဲ့ ကုမ္ပဏီ တွေက စွန်ပစ်မြေစာပုံတွေစွန့်ပစ်ထားရာကနေ စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေထဲက ၂ ဦးကတော့ ပျောက်ဆုံးနေကြောင်း ဖားကန့် အုပ်ချုပ်ေ၇းမှူးကပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးအချိန်အထိကတော့ လူ ၂ ယောက်ပျောက်ဆုံးတယ်လို့ သိရတယ်။ ကျန်တဲ့လူ ၈ ယောက်လောက်ကတော့ သာမန်ဒဏ်ရာလေးတွေရတာပေါ့နော်။ ဆေးရုံတက်စရာတော့ မလိုဘူးပေါ့နော်။ ဆေးရုံတက်စရာလိုတဲ့ ၃ ယောက်လောက်တော့ရှိတယ်။ ၁ ယောက်ကတော့ သာမန်ဒဏ်ရာပါပဲ၊ မစိုးရိမ်ရဘူး ၂ ယောက်ကတော့ ဒီမနက်ဆင်းသွားပြီ ၁ ယောက်ပဲ လောလောဆယ်ကျန်တယ်။ မြေစာပုံပြိုတဲ့အချိန်ကလည်း လုပ်ငန်းသိမ်းတဲ့အချိန်ဆိုတော့ နောက်ဆုံးအချိန်ပေါ့နော် ရေမဆေးလည်းသိပ်မရှိတော့ဘူးဆိုတော့ နောက်ဆုံးမြေစာသယ်ယာဉ် လာပို့တဲ့အချိန်မှာဖြစ်သွားတာ။ ဖြစ်တော့ တချို့လည်း ပြေးလွားကြနဲ့ ဒဏ်ရာရသွားတာ ခုနက ၁၀ ယောက်ဝန်းကျင်လောက်တော့ရှိတယ်။ အဲဒီမှာ ကျနော်တို့ နောက်ဆုံးလက်ရှိ စိစစ်တဲ့စာရင်းအရတော့ အဲဒီနားဝန်းကျင်က ရေမဆေးရှာတဲ့လူ ၂ ယောက် ၊ အဲဒီ ၂ ယောက်ပဲ မြေစာပုံကြောင့် သေဆုံးနိုင်တယ်လို့ ကျနော်တို့ သတင်းအတည်ပြုထားပါတယ်။”

စွန်ပစ်မြေစာပုံပြိုကျတာကြောင့် လူ ၅၀ ခန့် ပျောက်ဆုံးတယ်လို့ သတင်းတွေထွက်နေပေမယ့် ဖားကန့် အုပ်ချုပ်ရေးမှူး ကတော့ လူ၂ဦးပျောက်ဆုံးတာပဲရှိတယ်လို့ ပြောဆိုခဲ့တာပါ။ မြေစာပုံပြိုကျတာကတော့အလုပ်သိမ်းချိန်ဖြစ်တာကြောင့် လူအသေပျောက်နည်းနိုင်တယ်လို့ အုပ်ချုပ်ေ၇းမှုးကပြောဆိုပါတယ်။

ဒေသခံတဦးလည်းဖြစ် ဖားကန့်ဒေသမြေစာပုံတွေပြိုကျမူနဲ့ ပတ်သက်လို့ သတင်းရယူခဲ့တဲ့ နယ်မြေခံသတင်းသမားတဦးဖြစ်သူ ကိုဇော်မိုးထက်ကတော့ ဖားကန့်ဒေသမှာ နှစ်စဉ်မြေပြိုတွေ ဖြစ်နေရတဲ့အခြေအနေတွေကိုပြောပြပါတယ်။

“သတ္တုဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ အမြင့်အတိုင်း မြေစာတွေ မပုံတာပါပဲ၊ အဓိကတော့ ကုမ္ပဏီ တွေရဲ့ ဥပဒေအတိုင်းမလုပ်ဆောင်မှုအပေါ်ကို မူတည်တာပေါ့နော်။ ကုမ္ပဏီ တွေက သတ်မှတ်မြေစာပုံတွေရှိတယ်၊ အမြင့်ဘယ်လောက်၊ အကျယ်ဘယ်လောက် ပုံရမယ်ဆိုတာတွေရှိတယ်။ ဒါပေမယ့် ကျောက်စိမ်းရုံးလိုဟာမျိုးက လိုက်ပြီးတော့ ကြပ်ကြပ်မတ်မတ် ကုမ္ပဏီ တွေကို ဥပဒေအတိုင်း ဆောင်ရွက်အောင်မလုပ်နိုင်တဲ့အတွက်ကုမ္ပဏီ တွေက ဖြစ်ကတတ်ဆန်း စွန့်ပစ်နေတာဖြစ်တဲ့အတွက် ပြိုကျတာပေါ့နော်။ ဒီရာသီမှာ ဘာကြောင့်ပြိုသလဲဆိုရင် ကျနော်တို့ ပွင့်လင်းရာသီစေ၇ာက်တဲ့အချိန် ၁၂ လပိုင်း၊ ၁ လပိုင်းဆိုရင် မြေစာပြိုတဲ့ရာသီလို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၉ လပိုင်းလောက်မှာ ရာသီစတယ်ဆိုရင် ကျင်းထဲက မိုးတွင်းထဲမှာဝင်ထားတဲ့ မြေစာအပျော့တွေကို ပစ်လိုက်တာ များတာပေါ့ဗျာ။ ဒီမြေစာအပျော့တွေပစ်လိုက်တာ ၉ လပိုင်း ၊ ၁၀-၁၁ လပိုင်းပေါ့နော်။ အဲဒါ ၁၁ လပိုင်း ၁၂ လပိုင်းဆိုရင် ကျောက်ကြောနှိုက်တဲ့အချိန်ပေါ့နော်၊ ကျောက်ကြောမြေစာက မြေစာအမာလေ၊ အရင် ပထမ ပုံထားတဲ့ မြေစာအပျော့ပေါ်မှာ မြေစာအမာတွေ ထပ်ပုံတဲ့အတွက် အောက်က weight မခံနိုင်တဲ့အခါမှာ ပြိုတဲ့သဘောမျိုးပေါ့နော်။”

မြေစာပုံအမြင့်ကြောင့် ထပ်မံပြိုကျမဲ့အန္တရယ်ရှိနိုင်တဲ့အတွက် လူပျောက်ဆုံးမူတွေကို ရှာဖွေမူတွေ ဆက်လုပ်ဖို့လည်းအခက်အခဲရှိနေတယ်လို့ ဒေသခံသတင်းထောက်က အာဏာပိုင်တွေရဲ ပြောဆိုချက်နဲ့ ပတ်သက်လို့ အခုလိုရှင်းပြပါတယ်။

“ရှာဖွေဖို့ အရမ်းခက်တယ်။ ဘာဖြစ်လို့ အရမ်းခက်သလဲဆို၇င်တော့ လက်ရှိပြိုနေတဲ့နေရာကို ကော်လိုက်ရင် အပေါ်ကမြေစာပုံကိုထောက်ထားတဲ့သဘောဖြစ်တဲ့အတွက် အဲဒီဟာကို ကုတ်လိုက်တဲ့အတွက် အပေါ်ကမြေစာက ထပ်ပြီးပြိုမယ့်သဘောရှိတယ်။ အခြေအနေကိုတော့ စောင့်ကြည့်တယ်ပေါ့နော် ခုနက မရက ဥက္ကဋ္ဌနဲ့ ကျနော်မေးတဲ့အချိန်မှာ အခြေအနေကိုတော့ စောင့်ကြည့်တယ်ပေါ့နော်၊ မပြိုလောက်ဘူးထင်ရင် သူတို့ ရှာဖွေရေးတွေလုပ်မယ်ပေါ့။ ပြိုလောက်တဲ့အနေအထားမျိုးဆိုရင် ရှာဖွေရေးတွေမလုပ်တော့ဘူးပေါ့နော် အဲလိုပြောတယ်ခင်ဗျ။”

ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေရဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက မကြာခဏဆိုသလို ရှိနေပြီ တခါတရံမှာ ရာနဲ့ချီ ပျောက်ဆုံးမူတွေ ရှိသလို တခါတရံ မှာတော့ ဒါဇင်နဲ့ချီ ပျောက်ဆုံးသေဆုံးနေကြရတာလည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ မြေစာပုံ ပြိုကျမှုကြောင့် လူ ၁ဒါဇင်ကျော် သေဆုံးရပြီးနောက်မှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ အထိတောင်းဆိုမူတွေလည်းရှိခဲ့တာပါ။ အစိုးရ အဆက်ဆက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို အစိုးရသစ် အနေနဲ့ စည်းကမ်းတင်းကျပ်မှု မလုပ်နိုင်ခင်မှာ ခေတ္တဆိုင်းငံ့ထားဖို့ကိုလည်း Global Witness အပါအ၀င် သဘာဝ ပတ်ဝန်းကျင် အရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက၂၀၁၆ခုနှစ်ထဲမှာပဲ တောင်းဆိုထားပါတယ်။

XS
SM
MD
LG