သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်စိမ်းတူးဖော်မှု ရပ်ဆိုင်းရေး Global Witness အကြံပြု


တနင်္လာနေ့က ဖားကန့်ဒေသမှာ နောက်ထပ် မြေစာပုံပြိုကျမှုကြောင့် လူပေါင်း ဒါဇင်နဲ့မနည်း အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်ရပ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေဘက်က တာဝန်အပြည့်ရှိနေကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ ဒီလိုပျက်စီးဆုံးရှုံးမှုတွေအတွက် ကုမ္ပဏီတွေဘက်က ပြန်ပြီး ပြုပြင်တာတွေ အကောင်အထည်မဖော်မချင်း ကျောက်စိမ်းကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို NLD အစိုးရက ရပ်ဆိုင်းသင့်ကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေး လျှို့ဝှက်ချက်တွေကို ကိုယ်တိုင် စုံစမ်းလေ့လာပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်နေတဲ့ Global Witness အဖွဲ့ကြီးရဲ့ သုတေသီ Juman Kubbau က ဒီမြေစာပုံပြိုကျမှုကြောင့် လူတွေသေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“အခုဖားကန့်ဒေသက နောက်ဆုံး မြေစာပုံပြိုကျမှုဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ တာဝန်ခံရမယ်ဆိုတာကို အထင်အရှား ပြသလိုက်တာဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ သဘာဝတောတောင်တွေကို ဖျက်ဆီးနေတဲ့အပြင် မြေစာတွေကို မဆင်မခြင် အန္တရာယ်ရှိတဲ့ စွန့်ပစ်မှုတွေကြောင့် လူတွေရဲ့ အသက်တွေကို အန္တရာယ်ဖြစ်စေတာပါ။”

ဖားကန့်ဒေသက ရတနာကြယ်ကျောက်မျက် တူးဖော်ရေးကုမ္ပဏီလုပ်ကွက်မှာ တနင်္လာနေ့ညပိုင်းက မြေစာပုံပြိုကျမှု ဖြစ်ခဲ့တာပါ။ ဒီလို မြေစာပုံပြိုကျမှု အတော်များများဖြစ်နေတဲ့ လိုင်စင်ရထားတဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို စစ်အာဏာရှင်ဗိုလ်ချုပ်တွေနဲ့ မူးယစ်ရာဇာတွေ ပိုင်ဆိုင်ထားကြောင်း Juman Kubbau က ပြောပါတယ်။ ဒါအပြင် သူတို့တွေဟာ ပြစ်ဒဏ်ကနေ အပြည့်အ၀ ကင်းလွတ်ခွင့်ရနေသူတွေဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ ကျောက်စိမ်းမြေကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

NLD အစိုးရ ဧပြီလမှာ တရားဝင်အာဏာမယူခင် လက်ကျန် လပိုင်းတွေအတွင်း ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ကုမ္ပဏီပေါင်း (၅၀၀) ကျော်က ထိန်းမနိုင်သိမ်းမရ လုပ်ဆောင်ခဲ့ကြတာကြောင့် အလွန်အန္တရာယ်ရှိတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ Juman Kubbau က ဆိုပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ ဒီကျောက်စိမ်းကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်း သူက အခုလို ပြောပါတယ်။

“လိုင်စင်ရ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့အညီ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝအပေါ် သူတို့ရဲ့လုပ်ငန်းက ဆိုးကျိုး သက်ရောက်မှုတွေကို လျော့ပါးသက်သာစေရေး အခြေအနေတွေအတွက် အစီအစဉ်တွေရှိဖို့အပြင် ဖားကန့်ဒေသမှာ သူတို့လုပ်ဆောင်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်ပြီးပြုပြင်မယ့် အဆင့်တွေ အကောင်အထည် မဖော်မချင်း ဒီကုမ္ပဏီတွေကို ရပ်ဆိုင်းထားဖို့ NLD အစိုးရသစ်အနေနဲ့ စဉ်းစားသင့်ပါတယ်။ အာဏာရ NLD ပါတီ လွှမ်းမိုးထားတဲ့ လွှတ်တော်မှာလည်း ကျောက်မြက်တူးဖော်ရေး လုပ်ငန်းအတွက် ဥပဒေကို ပြန်ပြီး စိစစ်နေပါတယ်။ လွှတ်တော်အမတ်တွေအနေနဲ့ ဒီဥပဒေကိုပြင်ဆင်ရာမှာ သဘာဝပတ်ဝန်းကျင် ပိုပြီးကောင်းမွန်မှုနဲ့ လူမှုဘ၀ ကာကွယ်စောင့်ရှောက်မှုတွေ အလေးပေးသင့်ကြောင်းနဲ့ ကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ရင် ကုမ္ပဏီပိုင်ရှင်တွေကို ထင်သာမြင်သာဖြစ်စေဖို့နဲ့ စာချုပ်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ဖို့ သေချာအောင် ဆောင်ရွက်သင့်ကြောင်း Ms. Kubbau က ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာအပေါ် သက်တမ်းတိုးလိုက်တဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ခရိုနီလုပ်ငန်းရှင်တွေကို ထိန်းချုပ်ရေးမှာ အလွန်အရေးပါတယ်လို့ သူက ဆိုပါတယ်။

“အမေရိကန်က ဆက်ပြီးချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုဟာ ဖားကန့်ကိုချုပ်ကိုင်ထားတဲ့ အာဏာရှိတဲ့ လူတစုအပေါ် အလျော့အတင်းလုပ်ဖို့ အရေးပါတဲ့ နည်းလမ်းအဖြစ် အထောက်အကူပြုတာပါ။ ဒါကြောင့် ပိတ်ဆို့မှုတွေကို ထပ်ပြီး လျှော့ချမပေးခင်မှာ ကြိုတင်သတ်မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြဌာန်းထားခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးအမြတ် အများဆုံးရှိတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း စနစ်တကျဖြစ်အောင် ကြိုးစားနေတဲ့ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကို ကူညီပံ့ပိုးနိုင်ပါတယ်။”

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းနဲ့ပတ်သက်လို့ နောက်ထပ်အစီရင်ခံစာ ထုတ်ပြန်ဖို့အတွက် Juman Kubba ကိုယ်တိုင်လည်း ကချင်ပြည်နယ်ကို ရောက်ရှိနေတာပါ။ မြန်မာနိုင်ငံရဲ့ GDP အသားတင် ထုတ်လုပ်မှု တဝက်ကျော် အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀) ကျော် ဝင်ငွေပမာဏရှိတဲ့ ကျောက်စိမ်းလုပ်ငန်းကို ဘယ်သူတွေ ပိုင်ဆိုင်နေသလဲဆိုတဲ့ ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ခေါင်းစဉ်နဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာကို Global Witness အဖွဲ့ကြီးက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG