သုံးရလွယ်ကူစေသည့် Link များ

ဖားကန့်အရေး အမြန်ဆုံးဖြေရှင်းဖို့ အစိုးရ နဲ့ လွှတ်တော်ကိုတိုက်တွန်း


ကချင်ပြည်နယ် လွှတ်တော် (MOI)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက ကျောက်စိမ်း တူးဖော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လူ့အသက်ပေါင်းများစွာ ဆုံးရှုံးရမှုတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က စုံစမ်းစစ်ဆေးပေးဖို့ ဥပဒေပြု အမတ် တဦးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာဘဲ အစိုးရသစ် အနေနဲ့ တာဝန်မဲ့ သယံဇာတ တူးဖော်မှုတွေကို ချက်ချင်း ရပ်ဆိုင်းပေးဖို့ကိုလည်း ကချင်လူမှု အဖွဲ့အစည်းတခုက တိုက်တွန်းပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေရဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျမှုကြောင့် ဖားကန့်ဒေသမှာ လူသေဆုံးမှုက တခါတရံ ရာနဲ့ချီ ရှိသလို တခါတရံ ဒါဇင်နဲ့ချီ သေဆုံးနေကြရတာ ဖြစ်ပါတယ်။ လောလောလတ်လတ် မြေစာပုံ ပြိုကျမှုကြောင့် လူ ၁ဒါဇင်ကျော် သေဆုံးရပြီးနောက်မှာတော့ ဖားကန့်ဒေသရဲ့ အခြေအနေကို ကချင်ပြည်နယ် လွှတ်တော်ကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားစာ တင်မယ်လို့ ဖားကန့် မြို့နယ်ကိုယ်စားလှယ် ပြည်နယ် လွှတ်တော် အမတ် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“ကျနော်တို့ဖားကန့်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ကျနော်တို့ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ကော်မတီတွေကို တိုင်ကြားစာအဖြစ်ပေါ့နော်၊ ကျနော့်အနေနဲ့ ပေးပို့ဖို့ဆိုပြီးတော့မှ ကုန်ကြမ်းတွေယူခဲ့တယ်။ အခုကျနော်ကတော့ မနက်ဖြန်ကျနော်တို့ ကော်မတီရုံးမှာ ကျနော်တို့ ဒီ တိုင်စာဌာနကို ပို့ထားမယ်လေ။ တိုင်စာဌာနကို ကျနော်တို့က ခေါင်းစဉ်လေးတွေနဲ့ပေါ့ ပို့ထားပြီးရင် လွှတ်တော်ဥက္ကဋ္ဌဆီရောက်မယ် အဲဒီစာက။ လွှတ်တော်ဥက္ကဋ္ဌကနေမှ အဲဒီကော်မတီကို ပြန်ပို့မယ်။ အဲဒီကော်မတီကနေပြီးမှ အမြန်ဆုံး ဒီကိစ္စတွေကို ဆောင်ရွက်မှပဲ ကျနော်တို့ ဒီလာမယ့်မိုးကာလမှာလည်း အခုလိုမြေပြိုတဲ့ အချိန်မှာ လူတွေအသေအပျောက်တွေ နည်းနိုင်မယ့်အနေအထားမျိုးကို ကျနော်တို့က ကွင်းဆင်းပြီးမှ ရရှိလာတဲ့အခြေအနေကို စနစ်တကျ အစိုးရတွေနဲ့အားလုံးပူးပေါင်းဆောင်ရွက်ပြီးမှ လုပ်နိုင်အောင်ပေါ့နော်။”

အစိုးရသစ်ကတော့ ကျောက်မျက်ဥပဒေကို ပြင်ဆင်ပြီး နည်းဥပဒေတွေ ထွက်လာမှ ကျောက်စိမ်းတူးဖော်မှုတွေကို တိတိကျကျ အရေးယူ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဒီလဆန်းပိုင်းက ပြောဆိုထားတာပါ။ ဖားကန့်ဒေသအရေး အစိုးရကို တိုက်တွန်းရတာကလည်း အခက်အခဲ ရှိတယ်လို့ ပြည်နယ် လွှတ်တော် အမတ် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

“အစိုးရအဖွဲ့ကနေပြီး ပြောမယ်ဆိုရင်သူတို့အနေနဲ့ စိတ်ရှည်သီးခံမှုမရှိတဲ့အခြေအနေဆိုတော့ ကျနော်တို့လည်း တခါတလေကျတော့ ပြောသာပြောနေရတာ နောက်ဆုံးတအားကြီးပြောရင်လည်း အဲဒီအစိုးရကလည်း ကိုယ့်အစိုးရဖြစ်တဲ့အခါကျတော့ ကျနော်တို့က ကိုယ့်အချင်းချင်းပဲ လုပ်နေ၊ ပြောနေရတဲ့အနေအထားရှိတယ်။ နောက် တဘက်မှာလည်း အစိုးရက အထက်မှာ ၀န်ကြီး cabinet အဖွဲ့တွေအနေနဲ့က ဒီရုံးတို့ဘာတို့လောက်မှာ နေတဲ့အခါကျတော့ အောက်ခြေမှာ ဌာနတွေကကျတော့ လွန်ခဲ့တဲ့ ပဝေသဏီ ကတည်းက အပိုးကျိုးနေပြီးသားလုပ်ငန်းတွေ ဖြစ်နေတဲ့အနေအထားကျတဲ့အချိန်ကျတော့ ၀န်ကြီးတွေက အဲဒီအပေါ်မှာ သိပ်ပြီးမှ ထိန်းကျောင်းမှု အပိုင်းမှာ အားနည်းနေတဲ့အနေအထားလေးတွေကျတော်တို့တွေ့ရတယ်ခင်ဗျ။”

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ကတော့ အစိုးရသစ် အနေနဲ့ တနေ့တခြား အခြေအနေ ဆိုးရွားလာပြီး စိုးရိမ်ရတဲ့ အခြေစိုက်နေပြီ ဖြစ်တဲ့ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခင်မှာ စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို ရပ်ဆိုင်းထားသင့်တယ်လို့ အကြံပြုပါတယ်။ ကိုဆာဂျီးက အခုလို ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ ဒီဟာတွေက သတ္တုတွင်းတူးဖော်မှုတွေ ကျောက်စိမ်းတွင်းတူဖော်မှု ဗဟို က သတ်သတ်မဲ့ ခွင့်ပြုထားတာ တခုပဲရှိတယ်။ နောက် အရေးကြီးတာက တာဝန်ယူမှု၊ တာဝန်ခံမှုသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေရော၊ လူမှုရေးဆိုင်ရာ ပြဿနာတွေရော ၊ တခြား ဒီလိုမျိုးမတော်တဆ ထိခိုက်နစ်နာမှုအပျက်အစီးတွေနဲ့ ပတ်သက်တဲ့အခါ ပြန်လည်ပြုပြင်ဖို့၊ ပြန်လည်တားဆီးဖို့ဆိုတဲ့ဟာ ဘာတခုမှပါမလာပဲနဲ့ စည်းမဲ့ကမ်းမဲ့ ကြိုက်သလို ဒီကျောက်စိမ်းတူးဖို့ သတ်သတ်ပဲ ခွင့်ပြုထားတဲ့ ကုမ္ပဏီလိုမျိုး မရှိသင့်ဘူးဆိုတာ အင်မတန်မှ အရေးကြီးတယ်။“

ဖားကန့်ဒေသမှာ စွန့်ပြစ်မြေစာပုံပြိုကျမှု၊ မြေပြိုကျမှု၊ နောက် ကျောက်စိမ်းတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေဟာ ကချင်ပြည်နယ် ကချင်ပြည်သူတွေရဲ့ ပြဿနာ တခုအဖြစ်တင် မဟုတ်တော့ဘဲ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာ တရပ် ဖြစ်တယ်လို့လည်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့က ကိုဆာဂျီးက ထောက်ပြပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း အများစုက ကျောက်စိမ်းရရှိရေး တခုတည်းသာ အာရုံစိုက် လုပ်ဆောင်ပြီး ကျောက်စိမ်းတူးဖော်ပြီး ပျက်ဆီးသွားတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းက နှစ်ပေါင်းများစွာ မရှိဘဲ ဖြစ်နေတာကြောင့် အရေးပေါ် ထိန်းသိမ်းလုပ်ဆောင်ဖို့ လိုအပ်နေတာလို့လည်း ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သူတွေကလည်း ထောက်ပြကြပါတယ်။

XS
SM
MD
LG