NLD ကိုယ်စားလှယ်လောင်း ချီဖွေမှာ အတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်။ (ဖေဖော်ဝါရီ-၂၀၁၂)

ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းမှာ မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေ ကို ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဟန့်တားတိုက်ခိုက်မှုတွေနဲ့တွေ့ ကြုံနေရပါတယ်။ ချီဖွေနဲ့ပန်ဝါဒေသအတွင်း NLD ပါတီကနေ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ဟန့်တားနေမှုအပေါ် သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူညှိနှိုင်းပေမဲ့ ထိရောက်မှုမရှိသေးဘူးလို့ ဒေသခံ NLD ကိုယ်စားလှယ်လောင်းတွေကပြောပါတယ်။ အခုလိုနိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက်တဲ့လုပ်ရပ် ဟာ ရွေးကောက်ပွဲရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ရူမြင်နေကြပါတယ်။ ဒီအခြေ အနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

လာမဲ့အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမဲ့ ကချင်ပြည်နယ် ချီဖွေမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ အတိုက်ခိုက်ခံရတာပါ။

ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာမှာ NLD အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း(၃)ဦး အပါဝင် အဖွဲ့ဝင်(၄)ဦး တနင်္လာနေ့ ညဖက်မှာ အတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်းက အခုလိုပြောပါတယ်။

“၁၂ ရက်နေ့က ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံပြည်သူတွေ လူချင်းတွေ့ဆုံတဲ့အချိန်မှာ အဖွဲ့တစ်ဖွဲ့ကရောက်လာပြီးတော့ သူတို့ကို ထိုးကြိတ်တယ်။သူတို့ပါသွားတဲ့ ဂစ်တာတို့၊ ပစ္စည်းတွေလည်း ဖျက်ဆီးခံရတယ်။”

ဒီတိုက်ခိုက်မှုမှာ ဘယ်အဖွဲ့အစည်းလက်ချက်ဆိုတာ ယတိပြတ်မပြောနိုင်သေးပေမဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့ အစည်းတခုရဲ့လက်ချက်လို့ တိုက်ခိုက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောဆိုချက်အပေါ်ကိုးကားပြီး ဦးနေဝင်းက အခုလိုဆက်ပြောပါတယ်။

“ဒီဖြစ်နေတဲ့ ပြဿနာကတော့ ဦးစခုန်တိန်ယိန်း ကနေပြီးတော့မှ NLD မလာဖို့ဆိုပြီးတော့မှ စာတွေထုတ်ထားတာတွေရှိတယ်။ကျနော်တို့ ပါသွားတဲ့ ဦးကျော်ကျော်အေးရဲ့ ပြောစကားအရဆိုရင် ဦးစခုန်တိန်ယိန်း ရဲ့သားကနေပြီးတော့မှ ညွှန်ကြားချက်ပေးနေတဲ့အသံတွေပေါ့ဗျာ။ သူတို့ စကားပြောနေတဲ့အသံတွေ ကြားတယ်လို့ပြောပါတယ်။”

အတိုက်ခိုက်ခံ ရတဲ့ ချီဖွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦး အပါအဝင် အဖွဲ့တွေ ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို စည်းရုံးရေးခရီးစဉ်အတွက် အထောက်အကူပစ္စည်း ကာလတန်ဖိုးကျပ်သိန်း(၃၀)ဖိုး လောက်ပျက်စီးသွားခဲ့ပါတယ်။

အခုလိုတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွက် သက်ဆိုင်ရာရဲစခန်း ၊ရွေးကောက်ပွဲကော်မရှင်တွေမှာ တိုင်တန်းသွားမယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်းကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ချီဖွေမြို့နယ် ပန်ဝါမြို့နယ် ဝိုင်းမော်မြို့နယ်တွေမှာ NLD ပါတီ ကိုယ်စားလှယ်လောင်း တွေကို မဲဆွယ် ဟောပြောပွဲတွေမလုပ်ဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် ဦးဇခုန်တိန်ယိန်းအဖွဲ့ကနေ တားမြစ်ခဲ့ပါတယ်။

ဒီလို မဲဆွယ်စည်းရုံးခွင့်တားမြစ်တာဟာ ရွေးကောက်ပွဲဥပေဒနဲ့ မကိုက်ညီတာကြောင့် နိုင်ငံရေးပါတီတွေကနေ ကချင် ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ရာမှာ စက်တင်ဘာလ ၂၉ရက်နေ့ မှာ ကော်မရှင်ကနေ ဦးစခုန်တိန်ယိန်း ကို ခေါ်ယူအသိပေးခဲ့ပေမဲ့ ထိရောက်မှုမရှိဘူးလို့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေဝင်းကအခုလို ပြော ပါတယ်။

“ရွေးကောက်ပွဲပြည်နယ်ကော်မရှင်ကနေ ဦးစခုန်တိန်ယိန်းနဲ့ ကျနော်တို့ NLD အပါအဝင် ပါတီတွေနဲ့သူတို့ တွေ့ဆုံညှိနှိုင်းပေးတာရှိတယ်။ အခုအချိန်အထိ ညှိနိူင်းပွဲမှာ အမှန်အတိုင်းပြောရလို့ရှိရင် ပြည်နယ်ကော်မရှင်က ထိထိရောက်ရောက် ညှိနှိူင်းပေးနိုင်ခြင်းမရှိဘူးခင်ဗျာ။ တဖက်က ပြေလည်စေအောင်ပေါ့ဗျာ အဲဒီလောက်ပဲပြောသွားတာတော့ရှိတယ်။ ဦးစခုန်တိန်ယိန်းကနေ လာနိုင်၊ မလာနိုင်ပြောတာမရှိဘူး။ သူ့ရဲ့ထွက်ထားတဲ့ စာကို ပြန်ရုတ်သိမ်းပေးခြင်းလည်းမရှိဘူး။ ဒါပေမယ့် ပြည်နယ်ကော်မရှင်အနေနဲ့ပြောတာကဗျာ အဆင်ပြေတဲ့သဘောနဲ့ပြောတာပဲ။”

မဲဆွယ်စည်းရုံးရေးကာလမှာ အခုလိုလက်နက်ကိုင်အဖွဲ့တွေကနေ နိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက် နေတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ ချီဖွေမြို့နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုဆက်သွယ်ခဲ့ပေမဲ့လဲ ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ အခုလိုနိုင်ငံရေးပါတီတွေအပေါ် ဟန့်တားတိုက်ခိုက်တဲ့လုပ်ရပ်ဟာ ရွေးကောက်ပွဲရဲ့ပုံရိပ်ကိုထိခိုက်စေတယ်လို့ စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ကအခုလိုပြောပါတယ်။

“ဒီ မဲဆွယ်စည်းရုံးတာကတော့ ပါတီတိုင်းကတော့ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိသင့်တာပေါ့။ တချို့မြို့နယ်ဒေသတွေမှာ နယ်မြေဒေသရဲ့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ပဋိပက္ခအနေအထားတွေအရကတော့ သူ့ဒေသနဲ့သူ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ဒေသတွေမှာ ဒီအခက်အခဲကတော့ အနည်းနဲ့အများဖြစ်လေ့ဖြစ်ထ ရှိတဲ့ အနေအထားတခုဖြစ်တယ်။ အခုလိုဖြစ်တဲ့ဟာတွေကတော့ အနည်းနဲ့အများ ရိုက်ခိုတ်မှုတော့ရှိမှာပဲ။”

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတချို့ကနေ နိုင်ငံရေးပါတီပါတီတွေရဲ့မဲဆွယ်စည်းရုံးရေး ခရီးအပေါ် ဟန့်တားတိုက်ခိုက်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလပထမအပါတ်မှာ ကချင်ပြည်နယ်ဖါးကန့်မြို့နယ်က တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဝင်နှစ်ဦး ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တွေကနေ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။

ဒီလိုမတည်ငြိမ်သေးတဲ့ဒေသအနေအထားကြောင့် ပါတီမဲဆွယ်စည်းရုံးရေးရပ်တန့်ခဲ့ရတယ်လို့လည်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ လော်ဝေါ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။