မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု နိုင်ငံတကာရှုတ်ချ

(North Korea's Korean Central News Agency (KCNA))

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေ ထပ်မံ လုပ်ဆောင်လိုက်တာဟာ Kim Jong Un အစိုးရက ကုလသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို အံတုပြီး ပဲ့ထိန်းတပ်ဒုံးကျည် နည်းပညာ တိုးတက်အောင် ဆက်လက် လုပ်ဆောင်နေတဲ့ အရိပ်လက္ခဏာကို ပြသရာရောက်ပါတယ်။

မြောက်ကိုရီးယားက တာလတ်ပစ် Musudan ဒုံးကျည် ၂ စင်းကို Wonson ကမ်းရိုးတန်း မြို့ကလေးကနေ ဗုဒ္ဓဟူးနေ့က ပဉ္စမနဲ့ ဆဌမ အကြိမ်မြောက် စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ပထမ ဒုံးကျည်ဟာ ပစ်လွှတ်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့ပါတယ်။

ကီလိုမီတာ ၃ ထောင် အကွာအဝေးအထိ ရောက်နိုင်တဲ့ ဒုတိယဒုံးကျည်ကတော့ ကီလိုမီတာ ၄၀၀ လောက်အရောက်မှာ ဂျပန်ပင်လယ် ဒါမှမဟုတ် တောင်ကိုရီးယားက အရှေ့ပင်လယ်လို့ ခေါ်တဲ့ ပင်လယ်ပြင်ထဲ ကျခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်အရာရှိတွေက ပြောပါတယ်။

ဒီလိုစမ်းသပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Josh Earnest က ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရန်စတဲ့လုပ်ရပ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက အပြင်းအထန်ရှုံ့ချကြောင်း ပြောကြာခဲ့သလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဒီလအတွက် အလှည့်ကျသဘာပတိ ဖြစ်တဲ့ ပြင်သစ်သံအမတ်ကြီး Francois Delattre ကလည်း မြောက်ကိုရီးယားဟာ သူ့ကို ပဲ့ထိမ်းတပ် ဒုံးကျည် စမ်းသပ်မှုနည်းပညာ အသုံးမပြုဖို့နဲ့ နျူကလီယားလက်နက် မထုတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တားမြစ်ချက်ကို အတိအလင်း ချိုးဖောက်တာဖြစ်ကြောင်း ပြောပါတယ်။

အခုလို ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားက နောက်ဆုံးချိုးဖောက်မှုအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်မှာဖြစ်ကြောင်း ဂျပန်က ပြောသလို တောင်ကိုရီးယားကလည်း အခု ဒုံးကျည်စမ်းသပ်မှုဟာ တောင်ကိုရီးယားကို ရန်စတာ ထင်ရှားကြောင်းနဲ့ ဒီလို လုပ်ဆောင်မှုတွေ မလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ဆုံး ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပနေတဲ့ မြောက်ကိုရီးယား၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက သံတမန်တွေ တက်ရောက်နေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ တံခါးပိတ် ညီလာခံမှာ တင်ပြဆွေးနွေး နိုင်ဖွယ်ရှိပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှု နိုင်ငံတကာရှုတ်ချ