ရန်ကုန်ရှိ မြောက်ကိုးရီးယားစားသောက်ဆိုင် မြန်မာပိတ်ကြောင်း အတည်ပြု

Pyongyang Koryo အမည်ရှိ မြောက်ကိုရီးယား စားသောက်ဆိုင် (Photo - Trip Advisor)

ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့အနေနဲ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်ကို ၂၀၁၈ ခုနှစ်အတွင်းက မြန်မာအစိုးရက ပိတ်ဖို့ ညွှန်ကြားခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက် တခုမှာ ပါရှိခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၃၇၅ နဲ့ ၂၃၉၄ တို့ကို အကောင်အထည်ဖော် လိုက်နာကြောင်း အစီရင်ခံတဲ့အနေနဲ့ မြန်မာအစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကော်မတီတစ်ခုကို အစီရင်ခံစာ ပေးပိုခဲ့တာပါ။

အဲဒီ အစီရင်ခံစာမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲပါ သမ္မတ အမိန်နဲ့ Pyongyang Koryo အမည်ရှိ မြောက်ကိုရီးယား စားသောက်ဆိုင်ကို ပိတ်ဖို့ ညွှန်ကြားခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံသား ၂၁ ယောက်ရဲ့ ဗီဇာကိုလည်း ထပ်မံ သက်တမ်း မတိုးပေးခဲ့ကြောင်း၊ အဲဒီ မြောက်ကိုရီးယားနိုင်ငံသား အားလုံး ၂၀၁၈ ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ကြောင်း ပါရှိပါတယ်။

ဒီ အစီရင်ခံစာဟာ မြန်မာအစိုးရက လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ ဒုတိယမြောက် အစီရင်ခံစာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း အလုပ်လုပ်ကိုင် နေတဲ့ မြောက်ကိုရီးယားနိုင်ငံသား အားလုံး ပြန်လည် ထွက်ခွာသွားတဲ့အထဲ အကျုုံးဝင် မဝင်ကိုတော့ တိတိကျကျ မသိရှိပါဘူး။

၂၀၁၇ ခုနှစ် အောက်တိုဘာလက တင်သွင်းခဲ့တဲ့ မြန်မာအစိုးရရဲ့ ပထမ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယား သံရုံးမှာ အလုပ်လုပ်နေသူ လက်နက် အရောင်းအဝယ်သမားတစ်ဦးလည်းဖြစ်တဲ့ သံတမန် တဦးကို နှင်ထုတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးက နီးစပ်မှု ရှိနေဆဲဖြစ်ပြီး မြောက်ကိုရီးယား သံအမတ်ကြီး Jong Ho Bom ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကို ဧပြီလကစလို့ နှစ်ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း NKNEWS မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ရန်ကုန်ရှိ မြောက်ကိုးရီးယားစားသောက်ဆိုင် မြန်မာပိတ်ကြောင်း အတည်ပြု