မြောက်ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေဖြစ်နေတာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ချက်ချင်းလုပ်ဆောင်သင့်တယ်လို့ ကုလသမဂ္ဂရဲ့ သံကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Jeffrey Feltman ဟာ မြောက်ကိုရီးယားနိုင်ငံကို အခုသီတင်းပတ်အတွင်းမှာ သွားရောက်ခဲ့ပြီး၊ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Pak, Myonk Guk တို့ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြောက်ကိုရီးယား နဲ့ ကုလသမဂ္ဂတို့ ၂ ဘက်စလုံးက ပုံမှန်ဆက်ဆံရေးထားရှိသွားဖို့ သဘောတူခဲ့ကြတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းမီဒီယာက ပြောပါတယ်။ မြောက်ကိုရီးယား နဲ့ ကုလသမဂ္ဂကြား အခုနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုဟာ မစ္စတာ Feltman မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံကို ၄ ရက်ကြာသွားရောက်ခဲ့တာရဲ့ ရလဒ်ဖြစ်တယ်လို့ KCNA သတင်းဌာနက ပြောပါတယ်။
သူတို့ ၃ ဦးစလုံးက ကိုရီးယားကျွန်းဆွယ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို ဖလှယ်ခဲ့ကြသလို၊ လက်ရှိအခြေအနေဟာ ဒီကနေ့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အတင်းမားဆုံး နဲ့ အန္တရာယ်အရှိဆုံးအနေအထားဖြစ်နေတယ်ဆိုတာကို သဘောတူခဲ့ကြတယ်လို့ ကုလသမဂ္ဂပြောခွင့်ရက ပြောပါတယ်။
မစ္စတာ Feltman ရဲ့ ခရီးစဉ်ဟာ မြောက်ကိုရီးယား နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးအဖွဲ့ကြားမှာ နားလည်မှုတွေကို ပိုပြီးတော့ဖြစ်ပေါ်စေတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက ပြောပါတယ်။
Your browser doesn’t support HTML5