မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု နော်ဝေ ရုပ်သိမ်း

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ယိုးနတ်(စ်)ဂါးစတာရာ (Jonas Gahr Stoere)

မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချတာနဲ့ စစ်ရေးပူးပေါင်း ဆောင်ရွက်တာ ကလွဲလို့၊ နော်ဝေနိုင်ငံက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ် မှုတွေကို နော်ဝေအစိုးရက ရုပ်သိမ်း လိုက်ပြီလို့၊ ဧပြီ(၁၅)ရက် နေ့စွဲနဲ့ နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်က ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ နော်ေ၀ နိုင်ငံခြားရေး ဝန်ကြီး ယိုးနတ်(စ်)ဂါးစတာရာ (Jonas Ghar Stoere) ကိုယ်တိုင် ဒီကြေညာချက် ထုတ်ပြန် ခဲ့တာပါ။ ဒီလိုရုပ်သိမ်း တာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူခဲ့ပါတယ်။ ဒီကြေညာချက် နဲ့ ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဆိုင်းမက်ကင်ဆင် (Svein Michelsen) နဲ့ နော်ဝေနိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သွင်တို့ကို ကိုရော်နီညိမ်းက ဆက်သွယ် မေးမြန်းထားပါတယ်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး ယူးနတစ် ဂါး စတတ်တာ (Jonas Gahr Stoer) ရဲ့ မနေ့က ဧပြီ ၁၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် နဲ့ ပတ်သက်ပြီး နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆိုင်းမက်ကင်ဆင် (Svein Michelsen) ဆို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ အခုလို ရှင်းပြပါတယ်။

“ဝန်ကြီးရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားတာက၊ မကြာသေးခင် က မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု တွေကနေ ပြသနေတာက၊ မြန်မာအာဏာပိုင် တွေဟာ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေအပေါ်မှာ အလေး အနက်ထား ရှိခြင်း ဖြစ်ပါတယ်။ ဒါကို ထောက်ခံအားပေးသင့်တယ်။ အခု မြန်မာနိုင်ငံ လိုအပ်နေတာက၊ ပြင်ပ ကမ္ဘာနဲ့ ဆက်ဆံမှုတွေရှိဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ နိုင်ငံတကာ အကူအညီ တွေ ရဖို့တွေပါ။ ဒါတွေကို ဖြစ်ပေါ်လာစေဖို့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းလိုက်တာပါ။”

ဒါ့ အပြင် အခုလို နော်ဝေ အစိုးရက မြန်မာ အစိုးရ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တွေ ရုပ်သိမ်းတာ ကို နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး က ဒေါ်အောင်ဆန်း စုကြည်ကို ပြောပြခဲ့ပြီးတော့ ဒေါ်အောင်ဆန်း စုကြည် ကလည်း သဘောတူတယ်လို့ အခုလို သူက ဆက်ပြီးတော့ ပြောပါတယ်။

“သူတို့နှစ်ယောက် မနေ့ကတနင်္ဂနွေနေ့က တယ်လီဖုံး ပြောကြပါတယ်။ အဲဒီပြောဆိုမှုထဲမှာ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းလိုက်တာကို ဒေါ် အောင်ဆန်းစုကြည်က သဘောတူ ပါတယ်။ မြန်မာနိုင်ငံ အတွက် ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အထောက်အကူပြုစေမယ့် အနေအထားကို ရောက်ရှိစေဖို့၊ ဒီလိုရုပ်သိမ်းတာကို သဘောတူခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာမယ့် အခြေအနေ တွေကို အနီးကပ်စောင့်ကြည့်နေဖို့၊ ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်းထားပါတယ်။”

အခုလို အရေးယူ ဒဏ်ခတ်မှု ရဲ့ အကျိုးသက်ရောက်မှု တစ်ခု အဖြစ် နော်ဝေ နိုင်ငံ၊ အော်စလို မြို့တော်ကို မြန်မာနိုင်ငံက ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထောင်စု ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ရောက်ရှိနေတာကိုလည်း ထောက်ပြ ပြောဆိုသွားခဲ့ ပါတယ်။

“အကျိုးသက်ရောက်မှု တခုအနေနဲ့ ပြောရရင်၊ ဒီကနေ့မှာ မြန်မာနိုင်ငံက ရထားပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဟာ အော်စလိုမြို့တော်ကို ရောက်ရှိလာပါ တယ်။ ဒါက ဒီအစိုးရအရာရှိကြီး အဆင့်နဲ့ ဆက်ဆံမှု ရှိလာတာပါပဲ။ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီးဟာ မြန်မာအစိုးရအနေ နဲ့ တိုင်းရင်းသား အဖွဲ့ (၁၁) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆွေးနွေးခဲ့တဲ့၊ ဆွေးနွေးနေဆဲ ကိစ္စတွေမှာ သူ့ရဲ့ ပါဝင် လုပ်ဆောင်နေမှု တွေကို နော်ဝေအစိုးရကို လာပြီးရှင်းပြနေတာပါ။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေအပေါ် နောက်ဆက် တွဲလိုက်ပြီး ကူညီလုပ်ဆောင်ပေးဖို့၊ နော်ဝေအစိုးရကလည်း ဆန္ဒတွေ ရှိနေပါတယ်။ ဒီ အပစ်အခတ်ရပ်စဲရေး မှာ ပါဝင်နေတဲ့အဖွဲ့တွေဟာ ခိုင်မာတဲ့ အကျိုးကျေးဇူးတွေ ရရှိကြရမှာပါ။”

နော်ဝေ နိုင်ငံ မှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ခရမ်း မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ကနေ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သွင် ကလည်း အခုလို ပြောပါတယ်။

“အဓိက နော်ဝေ နိုင်ငံက နေပြီး တိုတယ် (Total) တို့ စတဲ့ ရေနံ ကုမ္ပဏီ တွေက မြန်မာ နိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု တွေ ရှိသလိုဘဲ၊ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး ကိစ္စ၊ နောက်ပြီးတော့ ခရီးသွား လာရေး ဆိုင်ရာ ကိစ္စ စသဖြင့် အနည်းအကျဉ်း လည်းဘဲ မြန်မာ နိုင်ငံနဲ့ ကုန်သွယ်နေတာ တွေ ရှိပါတယ်။ အခု ကျနော်တို့ ကြေငြာချက် မှာ ဆိုလို့ ရှိရင် တခါတည်း sanction ကို ရုပ်သိမ်း လိုက်တာတော့ မဟုတ်ပါဘူး ခင်ဗျ။ သူကြေငြာချက်ကို နော်ဝေ သတင်းဌာန တွေရဲ့ ကြေငြာချက်အရတော့ သူက မြန်မာ နိုင်ငံမှာ အခု ပြုပြင်ပြောင်းလဲ ရေးတွေ တွေ့တယ်။ ဒီ ပြုပြင်ပြောင်းလဲရေး တွေက ဒီထက် ပိုပြီး တော့ ပြုပြင်ပြောင်းလဲ သွားမယ် ဆိုရင် sanction တွေ အားလုံးကို ရုပ်သိမ်းပေးမယ်။ သို့သော်လည်းဘဲ အခု အခြေအနေ မှာတော့ အကယ်၍သာ ပြုပြင်ပြောင်းလဲ ရေးတွေက negative သဘောကို အပျက်သဘော ကို ဆောင်လာမယ် ဆိုရင်တော့ အချိန်မရွေး ဒီ sanction ကို ပြန်ပြီးတော့ ကျင့်သုံးမယ် ဆိုတဲ့ သဘောဘဲ ဖြစ်ပါတယ် ခင်ဗျ။ ဒါဟာလည်းဘဲ ဗြိတိန် ဝန်ကြီးချုပ် နဲ့ တွေ့တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သဘောတူခဲ့တဲ့ အချက်နဲ့ တော်တော်လေး ထပ်တူ ညီမျှတာ ကို တွေ့ရပါတယ်။”

နော်ဝေ အစိုးရ က မြန်မာ အစိုးရ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှု တွေကို ရုပ်သိမ်းတဲ့ နေရာမှာ မြန်မာ နိုင်ငံကို စစ်လက်နက် ပစ္စည်း ရောင်းချတာနဲ့ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပိတ်ပင် တာတွေကို တော့ ဆက်ပြီး ထားရှိမှာ ဖြစ်ပါတယ်။