NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဝါရှင်တန်မှာဖွင့်လှစ် 

တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာဖွင့်လှစ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးရုံးကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ NUG ဝန်အကြီးတွေနဲ့အတူအမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးUzra Zeya လည်း တက်ရောက်စဉ်။ (ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၃)

[[Zawgyi/Unicode]]

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးရုံးကို ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့က အမေရိကန် အဆင့်မြင့်သံတမန်တဦးနဲ့အတူ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကို သတ္တိရှိရှိ ဆက်လက်တွန်းလှန်လှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာထောက်ခံတဲ့အနေနဲ့ အခမ်းအနားဖွင့်ပွဲကို တက်ရောက်လာတာဖြစ်ကြောင့် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး (Under Secretary of State) Uzra Zeya က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ သတင်းထောက်တွေကို ပြောလိုက်တာပါ။ ကိုယ်တိုင်သတင်းတက်ရောက်ယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံတင်ပြပေးထားပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသစ်ဖွင့်ပွဲကို ဝါရှင်တန်ဒီစီမြို့တော်မှာ အခမ်းအနားနဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်မှာ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ တနင်္လာနေ့က ဖွင့်ပွဲအခမ်းအနားကို NUG နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်ဇင်မာအောင်နဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုနိုင်ငံခြားရေးဝန်ကြီး Uzra Zeya ကိုယ်တိုင်လည်း တက်ရောက်လာပါတယ်။ အမေရိကန်ဒုတိယဝန်ကြီး Uzra Zeya က အထူးသဖြင့် NUG အစိုးရရဲ့ ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်ပွဲအခမ်းအနားမိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အခုလို ပြောသွားပါတယ်။

“ဒီ နိုင်ငံခြားဆက်ဆံရေးရုံးဟာ မြန်မာပြည်သူတွေ၊ တိုင်းရင်းသားတွေအားလုံး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေး ကြိုးပမ်းချက်ရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုနဲ့ လူသားတွေကို လေးစားလိုက်နာဖို့ သတ္တိရှိရှိနဲ့ ဆက်လက် ထုတ်ဖော်ပြောဆိုနေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာထောက်ခံမှုကို ဒီအခမ်းအနား တက်ရောက်ခြင်းအားဖြင့် ပြသတာဖြစ်ပါတယ်။”

ဒါ့ပြင် စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း တရားမျှတမှုရှိမှာမဟုတ်ဘူး၊ လွတ်လပ်မှုရှိမှာမဟုတ်ဘူးဆိုတဲ့ အမေရိကန်ရဲ့ရပ်တည်ချက်ကို ထပ်လောင်းပြီးတော့လည်း ဒုဝန်ကြီးက ပြောသွားပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ အခု ဝါရှင်တန်ဒီစီမှာ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးသစ်ဖွင့်တာနဲ့ပတ်သက်ပြီးတော့ မြန်မာ့အရေးမှာ အလွန်အရေးပါတဲ့အချက်ကို အခုလို ပြောသွားပါတယ်။

“အခုဖွင့်တဲ့ NUG အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသစ်ဟာ ကျမတို့လုပ်ငန်းတွေအောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့ပြင် မကြာသေးခင်ကပဲ ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ်မြန်မာ့အရေးဆုံးဖြတ်ချက်အပါအဝင် အမေရိကန်ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီရေးကို တစိုက်မတ်မတ်ထောက်ခံ ပံ့ပိုးသွားမယ်ဆိုတဲ့အချက်ကို ပြသနေတဲ့ Burma Act ဥပဒေကို ပြဌာန်းပြီးလိုက်တဲ့အချိန်မှာ ဒီရုံးခန်းကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။”လို့ ပြောသွားတာပါ။

မေး။ ။ ကိုမိုးဇော်ဦးရေ၊ အခု ဒီ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်ပွဲကို အမေရိကန်အစိုးရဘက်က ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်း လာတာတွေ့ရပါတယ်။ အဲဒါဆိုရင် အမေရိကန်အစိုးရဘက်က NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတယ်လို့ ပြောလို့ရလားရှင့်။

ဖြေ။ ။ ကျနော်တို့ရဲ့ဒီကိုယ်စားလှယ်ရုံးဖွင့်ပွဲပေါ့နော်၊ ကျနော်တို့ရဲ့ကိုယ်စားလှယ်ရုံးပေါ့။ Representative office အနေနဲ့ - အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ရုံးဖြစ်ပါတယ်။ အဲဒီတော့ ဒီရုံးကို အမေရိကန်အစိုးရရဲ့ တာဝန်ရှိတဲ့သူကို ဖိတ်ကြားတယ်ပေါ့လေ။ ဖိတ်ကြားတဲ့အခါကျတော့ သူတို့ကိုယ်တိုင် အခုလို (Under Secretary ပေါ့၊ လာရောက်တယ်။ တခြားသော တာဝန်ရှိသူများလည်း လာရောက်ကြတယ်။ လာရောက်ကြပြီးတော့ ရုံးဖွင့်ပွဲကို တကယ့်ကို ဖဲကြိုးတွေဘာတွေဖြတ်ပြီးတော့ ဖွင့်လှစ်ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့အပေါ်သဘောထားကို သိသာပါတယ်။ ကျနော်တို့ကို တရားဝင်အသိအမှတ်ပြုတဲ့သဘောရှိလို့သာလျှင် အခုလို ရုံးဖွင့်ပွဲကို ကိုယ်တိုင်လာရောက်ပြီးတော့ ကိုယ်တိုင် ဒီဖွင့်ပွဲကို တက်ရောက်ပေးတယ်လို့ အဲဒီလိုမျိုး နားလည်ပေးလို့ရပါတယ်ခင်ဗျ။”

တနင်္လာနေ့ ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင်လည်း တက်ရောက်တာတွေ့ရပါတယ်။ ဒါ့ပြင် ဝါရှင်တန်ဒီစီမှာရှိတဲ့ နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေ။ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံသားတွေအပြင် မြန်မာ့အရေးကို ထဲထဲဝင်ဝင်လုပ်ဆောင်ပေးနေတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဝါရှင်တန်မှာဖွင့်လှစ်

Your browser doesn’t support HTML5

NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဝါရှင်တန်မှာဖွင့်လှစ်.mp3

================

[[Unicode]]








