၂၀၂၈ နွေရာသီ အားကစားပွဲတွေအတွက် Los Angeles မြို့ကို အိုလံပစ်အလံဆိုက်ရောက်

Los Angeles မြို့ကို အိုလံပစ်အလံရောက်ရှိလာစဉ် (ဩဂုတ် ၁၂၊ ၂၀၂၄)

၂၀၂၈ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အမေရိကန်ပြည်ထောင်စု Los Angeles မြို့ကို မနေ့က အိုလံပစ် အလံ ဆိုက်ရောက်လာပါတယ်။

အမေရိကန် အားကစားအသင်း Tracksuit ဝတ်ထားတဲ့ Los Angeles မြို့တော်ဝန် Karen Bass က ပြင်သစ်နိုင်ငံကနေ Delta လေကြောင်းပိုင် ဂျက်လေယာဉ်နဲ့ အလံကို သယ်လာခဲ့တာပါ။

တနင်္ဂနွေနေ့က ပါရီ အိုလံပစ်ပွဲတော် ပိတ်ပွဲ အခမ်းအနားမှာ မြို့တော်ဝန် Karen Bass က အလံကို လက်ခံယူခဲ့ပြီး နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသား Tom Cruise က Mission Impossible ရုပ်ရှင်ကားထဲကအတိုင်း အားကစားရုံ ခေါင်းမိုးကနေ ဆင်းလာပြီး လက်ဆင့်ကမ်းခဲ့ပါတယ်။ အားကစားရုံကြီးကနေ ဆိုက်ကယ်နဲ့ထွက်ခွာပြီး အမေရိကန်ပြည်ထာင်စု L.A မြို့ဆီ သယ်ဆောင်လာတဲ့ ဇာတ်ဝင်ခန်းပုံစံလည်း ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်။

မနေ့က Los Angeles မြို့ကို အိုလံပစ်အလံ ဆိုက်ရောက်ချိန် လမ်းဘေး ဝဲယာက အုန်းထန်းပင်တွေမှာ LA28 ဆိုတဲ့ စာတွေ ချိတ်ဆွဲထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုး Gavin Newsom နဲ့ ထင်ရှားတဲ့ အမေရိကန် ကစားသမားတွေလည်း ကြိုဆိုခဲ့ကြပါတယ်။

Lost Angeles မြို့အနေနဲ့ လာမယ့် ၂၀၂၈ ခုနှစ်ကနဲ့ပါဆိုရင် ခေတ်သစ် သမိုင်းမှာ အိုလံပစ်ပွဲတော်ကို တတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ၁၉၃၂ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်တွေကလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် Los Angeles မြို့ကို ပြန်ရောက်လာတဖြစ်ပါတယ်။

Your browser doesn’t support HTML5

၂၀၂၈ နွေရာသီ အားကစားပွဲတွေအတွက် Los Angeles မြို့ကို အိုလံပစ်အလံဆိုက်ရောက်