ပါကစ္စတန်သမ္မတ အိန္ဒိယနိုင်ငံရောက်

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် ပါကစ္စတန်ခေါင်းဆောင်တစ်ဦး အိန္ဒိယမြေပေါ်ကို ရောက်ရှိလာခြင်းအဖြစ် ပါကစ္စတန်သမ္မတ အဆစ်ဖ်အလီ ဇာဒါရီ (Asif Ali Zardari) ဟာ ဒီကနေ့ နယူးဒေလီမြို့အနီးက ပါလမ်လေတပ်စခန်း (Palam Air Base) ကို ဆိုက်ရောက်လာခဲ့တာမှာ အိန္ဒိယပါလီမန်ရေးရာ ဝန်ကြီး ပါဝမ်ကူမာ ဘန်ဆားလ်(Pawan Kumar Bansal) က ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက် သမ္မတ ဇာဒါရီဟာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) နဲ့အတူ နေ့လည်စာ စားသုံးခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦး သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာ သမ္မတ ဇာဒါရီက သူနဲ့ ဝန်ကြီးချုပ်ဆင်းတို့ အရေးကြီးတဲ့ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်တွေ အားလုံးကို ဆွေးနွေးခဲ့ကြပြီး သူ့အနေနဲ့ ဝန်ကြီးချုပ်ဆင်းလည်း မကြာခင်မှာ ပါကစ္စတန်ကို လာရောက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဆင်းကလည်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားက မတူကွဲပြား ခြားနားနေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းရေးမှာ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေကို မလွဲမသွေ ရှာဖွေကြရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ပါကစ္စတန်အခြေစိုက် လက်ရှ်ကာအီးတိုင်ဘာ (LashkarepTaibar) စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်၊ နျူးကလီးယားလက်နက် ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်း အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံဟာ ပုံမှန်ဆက်ဆံရေး ထူထောင်ထားကြဖို့ နည်းလမ်းရှာခဲ့ကြပါတယ်။

ပါကစ္စတန်မြေပေါ်မှာ အကြမ်းဖက် အဖွဲ့အစည်းတွေ လှုပ်ရှားနေမှုအပေါ် ပါကစ္စတန်အစိုးရက အလေးအနက်ထားကြောင်း ပြသဖို့ အိန္ဒိယအစိုးရက တောင်းဆိုထားပြီးတော့၊ ပါကစ္စတန်က ဒီအကြမ်းဖက် အဖွဲ့တွေကြောင့် အိန္ဒိယရဲ့ လုံခြုံရေးကို စိုးရိမ် ပူပန်ကြောင်းကိုလည်း ပြောကြားထားပါတယ်။ အမေရိကန် ၆ ဦးအပါအဝင် လူ ၁၆၆ ဦး သေဆုံးခဲ့ရတဲ့ မွမ်ဘိုင်းမြို့ တိုက်ခိုက်မှုကို စီစဉ်သူ ပါကစ္စတန်နိုင်ငံသား အစ္စလာမ်မစ် ဟာဖစ်ဇ်ဆာအိဒ် (Islamist Hasif Saeed)ကို ဖမ်းဆီးရမိရေး အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုငွေအဖြစ် အမေရိကန်က ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာထားပါတယ်။