ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ ပြည့်ပွဲတော်ကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ ဝပြည်နယ်ဟာများစွာ ပြောင်းလဲ တိုးတက်လာခဲ့ကြောင်းနဲ့ ဒီတိုးတက်မှုဟာ လူ၊ လက်နက်အင်အားအပေါ် အခြေခံနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ တဆက်တည်းမှာပဲ တိုးတက်မှုဟာ လူ၊ လက်နက်အင်အားအပေါ် အခြေခံနေတယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် စိုးရိမ်စရာတွေဖြစ်လာမယ်လို့ တွက်ဆတာတွေလည်း ရှိနေပါတယ်။ လက်ရှိ ပန်ဆန်းမြို့ကို ရောက်ရှိနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်တွေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ပန်ဆန်းမြို့နေ သတင်းပေးပို့ထားပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (ဝသပ) ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီက ခွဲထွက် အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ နှစ် ၃၀ ပြည့်ပွဲတော်ကို ဒီလ ၁၆ရက်နဲ့ ၁၇ ရက်နေ့တွေမှာ တရုတ်မြန်မာနယ်စပ် ပန်ဆန်းမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဒီအခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ တက်ရောက်လာကြရာမှာ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပန်ဆန်းမြို့ရဲ့ လက်ရှိအခြေအနေအပေါ် အခုလို ပြောဆိုပါတယ်။
“ပန်ဆန်းက လွန်ခဲ့တဲ့ ၈၂ ခုနှစ်က ကျနော်ရောက်ခဲ့တယ်။ တဲစုတ်လေးတွေပဲ ရှိတယ်။ သခင်ဗသိန်းတင်တောင်မှ တဲစုတ်လေးနဲ့ နေရတာ။ အောက်စီဂျင်ဗူးနဲ့။ ကျနော် သခင်ဗသိန်းတင်ကို ကိုယ်တိုင်တွေ့ခဲ့တယ်။ KNU က လွှတ်လို့ မြေအောက်အနေနဲ့ လာတွေ့ခဲ့တာ။ အရင်တုံးက ဘာမှ မရှိဘူး။ ဒီဟာ တောကြီးတွေပဲ။ နှစ် ၃၀မှာ ဒီလိုဖြစ်လာတယ်ဆိုတာ ဗကပတွေလည်း ဒီမှာ အခြေမစိုက်နိုင်တယ်ဆိုတာ တိုင်းရင်းသားတွေအပေါ်မှာ မှန်ကန်တဲ့ ပေါ်လစီကို မကျင့်သုံးနိုင်လို့ ဗကပတွေ အခုပျောက်ဆုံးသွားတာ။ ဒီနေ့ ၀ အမျိုးသားတွေ ဒီလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ သူတို့ရဲ့ မှန်ကန်တဲ့ ပေါ်လစီတစ်ရပ်ကို ချမှတ်နိုင်လို့ ဒီလိုတိုးတက်တာပဲ။ ဒီအပေါ်မှာ ကျနော် မုဒိတာ ဖြစ်တယ်။”
ချင်း အမျိုးသားတပ်ဦး CNF က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဆော်လမွန်ကတော့ လက်ရှိ ပန်ဆန်းမြို့အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။
“ကျနော် တိုင်းရင်းသားနယ်မြေတွေ တော်တော်ရောက်ခဲ့တယ်။ ဒီနယ်မြေရောက်တော့ ကျနော့်စိတ်မှာ တော်တော်လေးကို အားရ ကျေနပ်မိသွားတယ်။ သူတို့ဟာ သူတို့ လွတ်လွတ်လပ်လပ်ပေါ့နော်။ အုပ်ချုပ်တယ်။ စီမံခန့်ခွဲတယ်။ ရှာဖွေတယ်။ စားသောက်တယ်။ အဲဒီနေရာမှာ ဒီနေရာ ရောက်လာတော့လည်း အဆောက်အဦးတွေက အစပေါ့။ ကျနော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားတွေ ဒေသတွေထဲမှာတော့ သူဟာသူ လုပ်ခြင်းအားဖြင့် ဒီလို ရပါလားဆိုတဲ့ဟာပေါ့နော်။ အဲဒါလေးတွေ ကျနော့် စိတ်ထဲမှာ တော်တော်ခံစားရတယ်။”
ပန်ဆန်းမြို့ရဲ့ တိုးတက်တဲ့အခြေအနေအပေါ်မှာတော့ ဗိုလ်မှူးကြီးဆော်လမွန်က အခုလို ဆက်ပြောပါတယ်။
“ကျနော့် အမြင်တော့ သူတို့ လူကြီးတွေနဲ့လည်း ဆွေးနွေးခြင်းအားဖြင့် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင် တခြားသူတွေနဲ့ ဆွေးနွေးခြင်းအားဖြင့် သူတို့က လက်နက်ပေါ့နော်.... လက်နက်အင်အား၊ လူအင်အား တည်ဆောက်နိုင်တဲ့ အတွက်ကြောင့် ဒီလို အခြေအနေရသွားတယ်လို့ ကျနော်မြင်တယ်။ ”
မွန်ပြည်သစ်ပါတီ NMSP ရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာကတော့ တပ်အင်အားရှိမှ အခွင့်အရေးရှိမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်သွားရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ပိုမိုဝေးကွာသွားနိုင်ကြောင်း သုံးသပ်ပါတယ်။
“ကျနော်မြင်တာတော့ UWSA က တပ်အင်အားရှိတဲ့အပေါ်မှာ တစ်ဘက်က အစိုးရဘက်ကလည်း သူ့ကို လုံး၀ မထိဘူးနော်။ မထိတွေ့ဘူးပေါ့နော်။ သူတု့ိလွတ်လပ်ခွင့် အခွင့်အရေးတွေ အများကြီး ရထားတယ်။ အဲဒီ အယူအဆမျိုးက ကျနော်တို့ စိုးရိမ်တယ်။ တပ်အင်အားရှိမှ အခွင့်အရေးရှိမယ်ဆိုတဲ့ ပုံစံမျိုး တိုင်းရင်းသားတွေဘက်က ခံယူမိသွားရင် အားလုံးက လက်နက်အင်အားအပေါ်မှာပဲ။ တပ်အင်အားကြီးဖို့ ပေါ့နော် အဲဒါကိုပဲ ကြိုးပမ်းတည်ဆောက်ရင် ငြိမ်းချမ်းရေးကိစ္စက ပိုပြီး ရှည်ဝေးသွားနိုင်တယ်။ ”
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၂ မှာ ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA) ဟာ အင်အားအတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခဲ့တာ မရှိခဲ့ပါဘူး။
လက်ရှိ ကျင်းပမယ့် နှစ် ၃၀ပြည့် ပွဲတော်ကို အစိုးရ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ကိုယ်စားလှယ်တွေ၊ ဒေသခံ တိုင်းရင်းသားပြည်သူတွေ ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။ ပွဲတော် မစတင်မီ ရိုးရာအကနဲ့ စစ်ရေးပြ လေ့ကျင့်တဲ့အချိန်မှာ ပါဝင်သူတွေနဲ့ လာရောက်အားပေးကြည့်ရှုတဲ့ ဧည့်ပရိသတ်ဟာ သောင်းဂဏန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းကြပါတယ်။
Your browser doesn’t support HTML5