ပထမအကြိမ် ၂၁ ရာစု ပင်လုံအလွန် လုပ်ဆောင်ဖွယ်ရာများ

၂၁ရာစု ပင်လုံညီလာခံအလွန်မှာတော့ အစိုးရ၊ လွှတ်တော် တပ်မတော်အပါအဝင် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အပစ်ရပ်လက်မှတ် မထိုးထားရသေးတဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးကြား အဖွဲ့အစည်းအသီးသီးတို့ အစုအဖွဲ့အလိုက်တွေ့ဆုံပြီး အမြန်ဆုံး ညှိနှိုင်းဆွေးနွေးကြတော့မှာဖြစ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကျင်းပနိုင်ရေး ဦးဆောင်ပါဝင်ခဲ့သူ တာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးဘက်က မိမိတို့ဘက်က အကောင်အထည်ဖော် လုပ်ဆောင်စေ လိုတဲ့ အဆိုပြုတင်ပြချက်တွေ အပြီး သူ့ဘက်၊ ကိုယ့်ဘက် လိုလားတာ ဖြစ်ချင် တာတွေကို ဖြစ်နိုင်တာတွေကို ဆက်လက်ဆောင်ရွက်မယ်လို့ဆိုပါတယ်။

ဒီတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက် အကောင်အထည်ဖော်နိုင်ဖို့အရေး ဘယ်လိုရှေ့လုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါသလဲလို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန အထူးအကြံပေးဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ သူက အခုလိုစဖြေပါတယ်။

ဦးလှမောင်ရွှေ။ ။ စက်တင်ဘာ ၁၅-၁၆-၁၇ လောက်မှာ framework ကို ပြန်ပြီးသုံးသပ်တဲ့ဟာကို ကျနော်တို့ အစိုးရ ၊လွတ်တော်တပ်မတော်၊ နိုင်ငံရေးပါတီတွေ နောက် EAO ဘက်ပေါ့လေ။ EAO ဘက်မှာတော့ လက်မှတ်ထိုးထားတဲ့လူရော မထိုးထားတဲ့လူရော သုံးသပ်တဲ့လူတွေကို လုပ်ဖို့တော့ ညှိနှိုင်းနေပါတယ်။ သူတို့အဆင်ပြေရင်တော့ အဲဒီရက်တွေကျနော်တို့လုပ်နိုင်ပါလိမ့်မယ်။ ဒီညီလာခံတခုပြီးရင်လည်း ဒီဟာကြီးကတော့ ခရီးရှည်တခုကြီးပါပဲ။ ဒါကိုဆက်ပြီးတော့ အားလုံးကတော့ ဝိုင်းလုပ်ရပါလိမ့်မယ်။ အဲဒီလိုလုပ်ရင်းလုပ်ရင်းနဲ့ ကျနော်တို့ ယုံကြည်မှုပိုရှိလာမယ်။ တယောက်နဲ့ တယောက်ပိုပြီးတော့ နားလည်မှုရှိပြီးတော့ ညှိနှိုင်းမှုတွေရလာမယ်ပေါ့လေ။ အခုပထမဦးဆုံး ညီလာခံကတော့ တင်ပြမှုတွေအများကြီးကျနော်တို့ဆွေးနွေးမှုမရှိခဲ့ဘူး။ နောက်ညီလာခံကတော့ ဘယ်လိုညှိနှိုင်းမလဲပေါ့နော်။ ကျနော်တို့သူလိုချင်တဲ့ဟာ၊ ကိုယ့်ဘက်က လိုချင်တဲ့ဟာ ဒီမတူတာတွေကို ဘယ်လိုညှိနှိုင်းနိုင်မလဲဆိုတာကို အဓိက ကျနော်တို့ စိန်ခေါ်မှုဖြစ်လာလိမ့်မယ် ။ ဒါကို ကျနော်တို့ အခုက စပြီးတော့ အားလုံးက ဝိုင်းပြီးတော့ ပြင်ဆင်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ရှေ့ဆက်ပြီးတော့ သွားမယ့် ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လက်မှတ်မထိုးထားသေးတဲ့ အထူးသဖြင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ရော ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘယ်လိုများ ညှိနှိုင်းဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါသလဲရှင်။

ဦးလှမောင်ရွှေ။ ။ အခုလည်း ဒီလက်မှတ်မထိုးရသေးတဲ့လူတွေနဲ့ ညှိနှိုင်းဆွေးနွေးနေစဲပါပဲ။ အဲဒီဆွေးနွေးနေစဲမှာပဲ ညီလာခံကာလမှာလည်း သူတို့ တက်ရောက်နိုင်ဖို့ကိုလည်း အတက်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ပြီးသားဖြစ်ပါတယ်။ NCA ကိုလက်မှတ်ထိုးဖို့ကိစ္စက အများကြီးပေါ့လေ ကျနော်တို့ အခက်အခဲရှိမယ်လို့ မထင်ဘူးဆိုတဲ့ ရှု့ထောင့်ကရှိတယ်။ အခုလည်း UNFC ထဲကနေပြီးတော့ အဖွဲ့ဝင် ၇ ဖွဲ့အနေနဲ့ ဒီမှာ တက်ရောက်ခဲ့တယ်။ သူတို့သဘောထားတွေပြောလို့ရတယ်။ UNFC ဥက္ကဋ္ဌ လည်း ဒီအဖွင့်မှာလည်း အမှာစကားပြောတာအပါအဝင် ဆောင်ရွက်မှုတော်တော်များများ လုပ်ထားတာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့ အများကြီးပေါ့လေ လက်မှတ်ထိုးဖို့ ကိစ္စကတော့ ကျနော်တို့ ညှိနှိုင်းစရာအများကြီးတော့ မရှိလောက်ဘူးလို့ထင်တယ်။ အချိန်တခုပဲ ကျနော်တို့ အနေနဲ့ ဘယ်အချိန်မှာ ထိုးနိုင်မလဲဆိုတဲ့ကိစ္စပဲ စောင့်ရမယ် အဲဒီတခုပဲ ကျနော်တို့အနေနဲ့ စဉ်းစားရမယ်။

မဆုမွန်။ ။ အန်ကယ်လ်တို့ ညီလာခံကျင်းပနေချိန်မှာလည်း သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုခဲ့တာတွေရှိပါတယ်။ အထူးသဖြင့်ကတော့ ရှေ့ဆက် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေးဖို့ဆိုလို့ရှိရင် အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့အချိန်မှာ ဝင်ပြီးဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေမယ်လို့ ပြောဆိုထားတော့ အပစ်ရပ်လက်မှတ်မထိုးထားရသေးတဲ့အဖွဲ့တွေကို အဲ့လိုရှေ့ဆက်ပြီး ဆွေးနွေးဖို့ကိစ္စတွေမှာ ဘယ်လိုဆက်လုပ်ဖို့ရှိပါသလဲရှင်။

ဦးလှမောင်ရွှေ။ ။ အခု ကျနော်တို့ ဒီလ အလယ်မှာ အဆိုပြုထားတဲ့ framework review meeting ကိုတက်ရောက်နိုင်ဖို့ကိုလည်း ( DPN) က ခေါင်းဆောင်တွေကို ကျနော်တို့အနေနဲ့တော့ အလွတ်သဘောပေါ့လေ တင်ပြပြီးတော့ ညှိနှိုင်းနေတာရှိပါတယ်။ သူတို့အဲဒီ Process မှာ ပါလာစေချင်ပါတယ်။ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆောင်ရွက်ဖို့ဆိုရင် သူတို့ကို ကြီးကြပ်လမ်းညွှန်အကူအညီပေးမယ့်လုပ်ငန်းကော်မတီတွေရှိတယ်။ အဲဒီ လုပ်ငန်းကော်မတီတွေကို UPDJC ရဲ့ အတွင်ရေးမှူးအဖွဲ့ဝင်တွေနဲ့ ညီလာခံ ကိုယ်စားလှယ်တွေ နဲ့ ဖွဲ့စည်းရမယ်လို့ သူက ပြဌာန်းထားစဲပဲဖြစ်တယ်ပေါ့လေ။ အဲဒီတော့ ပြဌာန်းထားစဲပဲဖြစ်တော့ NCA ပြဌာန်းချက်ပေါ့နော် လက်ရှိ framework ပြဌာန်းချက်အတိုင်းဆိုရင်တော့ ဒီလိုဖြစ်တာကတော့ ပိုတင့်တော်တယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲ တွေမှာလည်းပြောတဲ့သဘောပါပဲ။

မဆုမွန်။ ။ နောက်တခုက ဒီ ၂၁ရာစုပင်လုံကို မတက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ ရှိပါတယ်။ သူတို့နဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘယ်လိုညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ရှိပါသလဲရှင်။

ဦးလှမောင်ရွှေ။ ။ ဒီ ၃ ဖွဲ့နဲ့ ပတ်သက်ပြီးတော့လည်း Policy ချမှတ်တဲ့ လူကြီးတွေရှိပါတယ်။ ဒီအဆိုတင်ပြီးတော့ နဂိုကတည်းကလည်း ညှိနှိုင်းခိုင်းတဲ့ကိစ္စတွေရှိတော့ အဲဒီ ညှိနှိုင်းတာကို တာဝန်ယူတဲ့ အထဲက Peace Commission နဲ့ အကြိုပြင်ဆင်ရေးကော်မတီက လူကြီးတွေ ဆက်တော့ ဆောင်ရွက်နိုင်မယ်လို့ထင်ပါတယ်။

မဆုမွန်။ ။ ဒီညီလာခံကို တက်ရောက်ဖို့အထိရောက်လာပြီးကာမှ အစီအစဉ်နားလည်မှု လွဲမှားမှုအပေါ် ပြန်သွားတဲ့ ဝလက်နက်ကိုင်တပ်ဖွဲ့နဲ့ ရော ရှေ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဘယ်လိုဆက်ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ။

ဦးလှမောင်ရွှေ။ ။ အဲဒါလည်း ကျနော်တို့ဒီ ၀ တို့ ၊ မိုင်းလာတို့ ဒီဒေသတွေအတွက် ပေါ့လေ ဦးဆောင်ပြီးတော့ ညှိနှိုင်းမှုတာဝန်ယူမယ့်လူကြီးတွေရှိပါတယ် ။သူတို့ လည်းအကောင်းဆုံးဖြစ်အောင် ဆက်လုပ်မှာပါပဲ။

မဆုမွန်။ အခုနောက်ဆုံးမေးချင်တာက အခုကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ခဲ့တဲ့အပေါ် အန်ကယ်လ် ကိုယ်တိုင် ဦးဆောင်ပြီး ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးအနေနနဲ့ ညီလာခံကျင်းပနိုင်ရေး တာဝန်ယူဆောင်ရွက်ပေးခဲ့သူတယောက်အနေနဲ့ အားနည်းချက်၊ အားသာချက်တွေကို ဘယ်လိုသုံးသပ်မိပါသလဲ။တစုံလုံး ဘယ်လိုသုံးသပ်မိပါသလဲ ရှေ့ဆက်သွားမယ့် ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်ထားဖို့ စီစဉ်ဆောင်ရွက်နေတာရှိပါသလဲ။

ဦးလှမောင်ရွှေ။ ။ ဒီအစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့ မျှော်မှန်း ထားတာကတော့ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အခုပြီးခဲ့တဲ အစည်းအဝေးက ပထမအစည်းအဝေး၊ နောက် ၆ လလောက်ကြာရင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံဒုတိယအစည်းအဝေးကို ကျင်းပဖို့ပါပဲ။ ဒါကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေရော ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊UPDJC member တွေနဲ့လည်း UPDJC meeting တွေမှာ ညှိနှိုင်းထားပြီးသားရှိပါတယ်။ အခုတခေါက်မှာတော့ အစိုးရအဖွဲ့သစ်ရဲ့ ပထမဦးဆုံး လုပ်ရတဲ့ ကိစ္စရယ်၊ အထူးသဖြင့်တော့ လက်မှတ်မထိုးရသေးတဲ့သူတွေ ပါလာဖို့ကိစ္စဆောင်ရွက်ရတာတွေ ကိစ္စနဲ့ အခြားကိစ္စရပ်တွေက အချိန်နဲ့အမျှပေါ့လေ ကျနော်တို့ အစီအစဉ်တွေက လိုက်ပြီးတော့ ပြောင်းနေရတာမျိုးတွေ ရှိခဲ့ပါတယ် ၊ အဲဒါလေးတွေကို ကျနော်တို့ အားလုံးကလည်း ဒီမှာ လူကြီးတွေကို နောက်တကြိမ်မှာ ဒီထက်ပိုကောင်းပြီးတော့လေ ပိုပြည့်စုံတဲ့ဟာပေါ့ ။ ဒါပေမယ့် ကျနော်အတွေ့အကြုံအရပြောရင် အခုညီလာခံက logistic ကိစ္စ တချို့ကလွဲရင်တော့ ကျနော်ထင်တာထက်ပိုပြီးတော့ အောင်မြင်တယ်လို့တောင်ပြောလို့ရမယ် လို့ထင်ပါတယ်။

မဆုမွန်။ ။ အန်ကယ်လ်ဦးလှမောင်ရွှေ ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။”

ဒါကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဌာန အထူးအကြံပေးဦးလှမောင်ရွှေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ပထမအကြိမ် ၂၁ ရာစု ပင်လုံအလွန် လုပ်ဆောင်ဖွယ်ရာများ