ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော် ဘဒ္ဒန ္တပညာဝံသ (အဂ္ဂမဟာပဏ္ဍိတ) ဒီကနေ့ မနက်မှာ မလေးရှားနိုင်ငံမှာ ပျံလွန်တော်မူခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ကျော် ပြည်ပသာသနာပြုလုပ်ငန်းကို ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ပီနန်ဆရာတော်ဘုရားကြီးပျံတော်မူတာဟာ သာသနာပြန့်ပွားရေးအတွက် ဆုံးရှုံးမှုတခုအဖြစ် သုံးသပ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပီနန်ဆရာတော်ကြီးဟာ ဗုဒ္ဓသာသနာပြန့်ပွားစေရေးအတွက် နိုင်ငံပေါင်း ၂၀ကျော်မှာ သာသနာပြုကျောင်းတွေ တည်ထောင်ခဲ့သလို မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းကို နိုင်ငံတကာ အဆင့်မီစေဖို့အတွက် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ဒီကနေ့မနက် မလေးရှားစံတော်ချိန် ၅နာရီကျော်မှာ ပျံလွန်တော်မူကြောင်းကို ဆရာတော်ကြီးရဲ့ တပည့်ရင်းဖြစ်တဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရက အခုလို မိန့်ကြားပါတယ်။
“ ဒီနေ့ မနက် ၅နာရီ ၁၅မိနစ်မှာ ပျံတော်မူသွားတာ။ ပီနန်မြို့ Island Hospital မှာပဲ ပျံတော်မူတယ်။ ဆရာတော်ဘုရားကြီးက လွန်ခဲ့တဲ့ ၁လကျော်လောက်က ကျောက်ကပ် အားနည်းတဲ့ရောဂါဖြစ်နေတာပေါ့။ ကျောက်ကပ်ဆေးနေရတာပေါ့။ ဗုဒ္ဓဟူးနေ့ညကတော့ သွေးပေါင်ချိန်တွေ လျော့ပြီးတော့ စကားပြောတာတွေ ဘာတွေ မပီတော့ဘူး။ သွေးအားနည်းလာတဲ့အခါကျတော့ ဆေးရုံပြန်တင်ပြီးတော့ သွေးတွေ ဘာတွေလည်း သွင်းတယ်။ ကျောက်ကပ်တွေ ဘာတွေလည်း ဆေးတယ်။ မရတော့တာနဲ့ သောကြာနေ့ မနက် ၅နာရီ ၁၅မိနစ်မှာ ပျံတော်မူသွားတာပေါ့။”
ပီနန်ဆရာတော်ကြီးဟာ ပျံတော်မူချိန်မှာ သက်တော်၉၀၊ ဝါတော်၇၀ရှိပြီ ဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးဆိုင်ရာ စွမ်းဆောင်မှုကို ဦးဥတ္တရက အခုလို ဆက်လက် မိန့်ကြားပါတယ်။
“ မြန်မာနိုင်ငံက နှစ် ၂၀၀ကျော်လောက်က လာပြီးတော့ ဆောက်ထားတဲ့ ကျောင်းကြီးကို မန္တလေးနန်းတော် မဆောက်ခင်က တည်ထောင်ထားတဲ့ကျောင်းကြီးကို ထိန်းသိမ်းဖို့ရာအတွက် ဆရာတော်ကြီးကြွလာတာ။ အဲဒီဟာနဲ့အတူ နှစ်ပေါင်း၆၀ကျော်လောက် နိုင်ငံခြားသာသနာပြုတာပေါ့နော်။ နိုင်ငံခြားသာသနာပြုတဲ့ သံဃာတော်တွေထဲမှာတော့ ထူးထူးခြားခြားနဲ့ အအောင်မြင်ဆုံးဆရာတော်လို့ ပြောရမှာဘဲ။ ဘာလို့လဲဆိုတော့ သူများတွေ မလုပ်နိုင်တဲ့ မသွားနိုင်တဲ့အချိန်မှာ ဆရာတော်ကြီးက သာသနာပြုလုပ်ငန်းတွေကို နိုင်ငံပေါင်း ၂၂နိုင်ငံလောက်ကို သံဃာတော်တွေနဲ့ ကျောင်းတွေ ဖြစ်မြောက်အောင် စွမ်းဆောင်ပြီးတော့ သာသနာပြုတဲ့ ကိစ္စကတော့ထူးခြားတဲ့ ကိစ္စလို့ ပြောရမှာပေါ့။ ”
ပြည်တွင်းသာသနာပြုလုပ်ငန်းအဖြစ် မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတကာအဆင့်မီ သာသနာပြု ဗဟိုဌာနကြီးဖြစ်အောင် ဆောင်ရွက်ခဲ့ပါတယ်။
ပီနန်ဆရာတော်ဘုရားကြီးပျံတော်မူတာဟာ ပြည်ပ သာသနာပြန့်ပွားရေးလုပ်ငန်းအတွက် ဆုံးရှုံးမှုတခုအဖြစ် လန်ဒန်ဆရာတော် ဦးဥတ္တရက သုံးသပ်ပါတယ်။
“ ပြည်တွင်းမှာတော့ သာသနာပြုနိုင်တဲ့ သံဃာတော်တွေအများကြီးရှိပါတယ်။ ပြည်ပမှာ အဲဒီလို နှစ်ပေါင်း ၆၀ကျော်လောက်ကနေ သာသနာပြုတဲ့ ပုဂ္ဂိုလ်ဆိုလို့ မရှိသလောက်ပဲ။ အနှစ်၆၀လောက်ကို နိုင်ငံခြားသာသနာစပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်တဲ့ သံဃာတော် ဆိုလို့ ဆရာတော်ကြီးဟာ ၁ပါးတည်းလို့တောင် ပြောရမယ်။ နောက် တိုးချဲ့တာတွေတော့ ရှိတာပေါ့။ နှစ်၆၀လောက်က စခဲ့တဲ့ ၁ပါးဟာ ခု မရှိတော့ဘူးဆိုတော့ အင်မတန် ဝမ်းနည်းစရာကောင်းတာပေါ့။ ဘုန်းကြီးတို့ မြန်မာ့သာသနာ ကမ္ဘာကို သိအောင်၊ လွှမ်းမိုးအောင် အဲဒါတွေ ပြန့်နိုင်ဖို့ရာအတွက်ဟာ နောက်လာနောက် သားတွေက ဆရာတော်ကြီးလို စွမ်းစွမ်းတမံမှ လုပ်နိုင်ပါ့မလားလို့ ဘုန်းကြီးတို့ အဲဒါတော့ အားငယ်မိတယ်ပေါ့။”
ပီနန်ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပနအခမ်းအနားကို ဒီဇင်ဘာလ ၃ရက်နေ့မှာကျင်းပဖို့ အကြမ်းဖျဉ်းသတ်မှတ်ထားပါတယ်။ ဆရာတော်ကြီးရဲ့ တပည့်သံဃာတွေနဲ့ ဒါယကာတွေ စည်းဝေးဆုံးဖြတ်ပြီးချိန်မှာ အတည်ပြုထုတ်ပြန်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5