တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ ထိုင်းနိုင်ငံရေးခေါင်းဆောင် Pita တိုက်တွန်း

Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat (ဩဂုတ် ၇၊ ၂၀၂၄)

ထိုင်းနိုင်ငံရေးမှာ သံသရာလည်နေတဲ့ နိုင်ငံရေးပြဿနာတွေ မကြုံရအောင်တားဆီးနိုင်ဖို့ တရားရေးကဏ္ဍရဲ့စွက်ဖက်မှုတွေကို ပြုပြင်ပြောင်းလဲရလိမ့်မယ်လို့ မကြာသေးခင်က ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat က ပြောလိုက်ပါတယ်။

ဝန်ကြီးချုပ် Srettha Thavisin ကို ရာထူးက ဖယ်ရှားခဲ့ပြီး၊ ရွေးကောက်ပွဲမှာ အများစုနဲ့ အနိုင်ရခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်တွေ ထွက်ပေါ်ခဲ့အပြီး သူကအခုလို ပြောဆိုတာပါ။ နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ခံထားရပေမဲ့ ထိုင်းနိုင်ငံကို ဦးဆောင်ဖို့နဲ့ သီးခြားလွတ်လပ်မှု ရှိရမယ့် အဖွဲ့အစည်းတွေကို နိုင်ငံရေးအရ အသုံးချနေတာတွေကို ဟန့်တားနိုင်အောင် ပြုပြင်ပြောင်းလဲရေး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ် နှစ်ခုကြာအောင် ရှုတ်ထွေးလှတဲ့ အာဏာသိမ်းမှုနဲ့ တရားရုံး စီရင်ထုံးတွေမှာ ပိတ်မိနေပြီး၊ အများပြည်သူလိုလားတဲ့ ပါတီတွေနဲ့ စစ်တပ်ဩဇာခံအဖွဲ့တွေကြား အာဏာလွန်ဆွဲပွဲ ဖြစ်နေပြီး လက်ရှိအခြေအနေဟာ တိုးတက်မှုမရှိသလို၊ လူထုအတွက် အကျိုးမရှိတဲ့ နိုင်ငံရေးသံသရာ လည်နေတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရတယ်လို့လည်း Move Forward ကို ဖျက်သိမ်းမှုနဲ့ ဝန်ကြီးချုပ် Srettha ကို ထုတ်ပယ်လိုက်တာတွေနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Pita က ပြောခဲ့ပါတယ်။

ထောင်ဒဏ် ၁၅ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချခံရနိုင်တဲ့ ဘုရင်စနစ်ကို ဝေဖန်ပုတ်ခတ်သူတွေကို အရေးယူနိုင်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ Move Forward ပါတီက ကြိုးစားခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပါတီဖျက်သိမ်းခဲ့သလို၊ ပါတီခေါင်းဆောင်ဖြစ်တဲ့ Pita ကိုလည်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၁၀ နှစ်တာ ပါဝင်ဆောင်ရွက်ခွင့်မပြုဘဲ တားမြစ်ပိတ်ပင်လိုက်ကြောင်း ဩဂုတ်လဆန်းပိုင်းကကြေညာခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ ထိုင်းနိုင်ငံရေးခေါင်းဆောင် Pita တိုက်တွန်း