လက်ပံတန်းမြို့က လမ်းမပေါ်မှာ အာဏာပိုင်တို့ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းပေါင်း ၂၀ ကျော်က သမ္မတထံကို စာရေးသား တောင်းဆိုလိုက်ပါတယ်။ လက်ပံတန်းမှာ ထိုင်သပိတ် ဆင်နွှဲနေတဲ့ ကျောင်းသားတွေထဲက အကြမ်းဖက် ဖမ်းဆီးခံရသူ ၅ ဦးတို့လည်း ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါပြီ။ လက်ပံတန်းမြို့က သပိတ်တွေရဲ့ ကျောင်းသားသပိတ် နောက်ဆုံးရ အခြေအနေတွေကို မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်ရှင်။
ကျောင်းသား သပိတ်ကို ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အာဏာပိုင်တို့က ရဲအင်အား အလုံးအရင်းသုံးပြီး ပိတ်ဆို့ထားပါတယ်။ ဒီကျောင်းသားတွေကို အကြမ်းမဖက်ဖို့ စနေနေ့မှာ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်း ၂၃ ဖွဲ့တို့က သမ္မတကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါ့အပြင် အစိုးရဘက်က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သဘောတူညီချက်ပေါ်မှာ ရိုးသားမှု ရှိဖို့ကိုလည်း ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER)က ဒေါက်တာသိန်းလွင်က ပြောပါတယ်။
“သတင်းစာမှာဖော်ပြချက်တွေက ကွဲလွဲနေတယ်။ ပညာရေးဝန်ကြီးဌာနဘက်ကတင်ပြချက်တွေ ကွဲလွဲတယ်။ နောက်တခါ တက္ကသိုလ်တွေမှာ ကျနော်တို့လေးပွင့်ဆိုင်သဘောတူထားတဲ့ ဥပဒေကြမ်းကိုဆန့်ကျင်တဲ့ ဆောင်ရွက်ချက်တွေ ကျနော်တို့တွေ့နေရတယ်။ နောက်တခါ ဥပဒေကြမ်းမှာပါဝင်တာတွေကို အဓိပ္ပာယ်လွဲမှားဖော်ပြပြီးတော့ တိုက်ခိုက်နေတာတွေရှိတယ်။ အဲဒီအခြေအနေက ကျေနပ်စရာမကောင်းဘူး။ အခုတွေ့နေရတာက ပညာရေးဝန်ကြီးဌာနက လေးပွင့်ဆိုင်သဘောတူညီချက်ကို မရပ်တည်တဲ့အပြင် လေးပွင့်ဆိုင်သဘောတူညီချက်ကို လွဲမှားအောင် ဆောင်ရွက်နေတာတွေ တွေ့တယ်။ အဲဒါက အခုလက်ရှိအခြေအနေမှာ အားမရစရာ၊ ဘဝင်မကျစရာတွေတွေ့နေရတယ်။
အထူးသဖြင့်တော့ ကျောင်းသားတွေအတွက်က အန္တရာယ်ရှိမယ့်အခြေအနေဖြစ်နေတယ်။ သူတို့ကို ရဲတွေနဲ့ပိတ်ဆို့ထားတယ်။ တားဆီးထားတယ်။ သူတို့မှာ ခြိမ်းခြောက်ခံထားရတဲ့အခြေအနေမှာ ရှိတယ်။ အန္တရာယ်ကျရောက်မယ့်အခြေအနေတွေ ရှိတယ်။ လေးပွင့်ဆိုင်က သဘောတူညီချက်မှာ ကျောင်းသားတွေရဲ့တောင်းဆိုချက် အောင်မြင်တဲ့အထိ လေးပွင့်ဆိုင် တာဝန်ယူဆောင်ရွက်သွားမယ်ဆိုတာကို သဘောတူညီတာရှိတယ်။ အဲဒီလို ကျနော်တို့က ဖြစ်စေချင်တယ်။”
ဒါ့အပြင် အခု လူငယ်ကျောင်းသားတွေကို လမ်းမပေါ်မှာပိတ်ဆို့ထားမယ့်အစား ညှိနှိုင်းဖို့တိုက်တွန်းပြီး ကျောင်းသားတွေနဲ့ ညှိနှိုင်းနိုင်ရေး အတွက်လည်း အခု မေတ္တာရပ်ခံတဲ့ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်း ၂၃ ဖွဲ့တို့က ကူညီဆောင်ရွက်ပေးလိုတဲ့အကြောင်းကိုလည်း သမ္မတဦးသိန်းစိန်ထံကို တောင်းဆိုထားပါတယ်။ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ စနေနေ့မှာ သမ္မတဦးသိန်းစိန်ကို မေတ္တာရပ်ခံလိုက်တဲ့ အထဲမှာ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်၊ ကယန်း၊ မွန်၊ ဇိုမီး တိုင်းရင်းသားပါတီတွေ၊ နောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့နဲ့ အတူ NNER၊ လူမှုရေးအဖွဲ့အစည်း စုစုပေါင်း ၂၃ ခုတို့က ပါဝင်ပါတယ်။
စနေနေ့ လက်ပံတန်းမြို့က ကျောင်းသားသပိတ်ကတော့ ရဲအင်အား အလုံးအရင်းနဲ့ ဆက်လက်ပိတ်ဆို့ခံထားရသလို ကျောင်းသားတွေ ဟာလည်း လမ်းမပေါ်မှာ နေထိုင်နေရတာ စနေနေ့မှာ ၅ ရက်တိတိ ရှိသွားပြီ ဖြစ်ပါတယ်။ ကျောင်းသားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်က အခုလို ပြောပါတယ်။
“ရက်ကြာလာတာနဲ့အမျှ ကျောင်းသားတွေနဲ့ ရဲတွေနဲ့ကြားမှာ၊ ဒါမှမဟုတ် မြို့ခံတွေနဲ့ ရဲတွေကြားမှာပေါ့နော် - ဒီလိုပိတ်ဆို့ထားတဲ့အတွက် မြို့ခံတွေကလည်း အာဏာပိုင်တွေအပေါ်မှာ အတော်ကို မကျေမနပ်ဖြစ်နေကြတယ်။ အဲဒီတော့ ရက်ကြာလာတာနဲ့အမျှ ပြဿနာတွေကတော့ တခုမဟုတ်တခုကတော့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျမတို့က ဒီလိုမျိုး ရက်ကြာကြာနေရတာကို ကျမတို့ကျောင်းသားတွေရဲ့ကျန်းမာရေးအတွက်လည်း အင်မတန်မှစိတ်ပူပါတယ်။ ကျမတို့အနေနဲ့ကတော့ ဒီကိစ္စကို မြန်မြန် ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းရင် အကောင်းဆုံးအဖြေ ဖြစ်ပါလိမ့်မယ်။”
လက်ပံတန်းမြို့ကနေ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ကျောင်းသားကျောင်းသူ ၅ ဦးတို့ကိုတော့ ရဲစခန်းမှာ တညအိပ်စေပြီး စနေနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အာဏာပိုင်တို့ဘက်က ဆန္ဒပြသူတွေနဲ့ ညှိနှိုင်းမှု မရှိပါဘူး။ တချိန်တည်းမှာပဲ မြန်မာအစိုးရဘက်ကတော့ ရန်ကုန်က ကျောင်းသားသပိတ်ကို တာဝန်ဆိုတဲ့ လက်ပတ်နီဝတ် အရပ်သားတွေကို ဝင်ရောက် ရိုက်နှက် ဖြိုခွဲဖမ်းဆီးမှုတွေလုပ်ခဲ့သလို အစိုးရပိုင် သတင်းစာတွေကနေလည်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် ရေးသားပေးပို့ချက်တွေထဲက သူတို့မူဝါဒနဲ့ ကိုက်ညီတဲ့ဆောင်းပါးတွေကို တောက်လျှောက်ဖော်ပြခဲ့တာပါ။
လွှတ်တော်ဘက်မှာလည်း ကျောင်းသားတွေနဲ့ NNER တို့ မတက်ရောက်တဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်ကို ကြားနာနေတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပညာရေး အသုံးစရိတ်ကို လက်ရှိ အသုံးစရိတ်ထက် တိုးပေးဖို့၊ တိုင်းရင်းသား ဘာသာစကားတွေ သင်ကြားခွင့်ပေးဖို့ ၊ ဆရာတွေ၊ ကျောင်းသားတွေ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွှေ့ သင်ကြားခွင့် ရစေဖို့တွေ ပါဝင်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးတောင်းဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ကမ္ဘာမှာ နိမ့်ကျနေတဲ့ မြန်မာပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းကို မြှင့်တင်နိုင်မယ့် လမ်းစ တခုဖော်ဆောင်နေတာ ဖြစ်တယ်လို့လည်း ပညာရေးဥပဒေ ပြင်ဆင်ရေးဆောင်ရွက်နေတဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER က ပြောဆိုထားပါတယ်။
အမျိုးသား ပညာရေးဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အခုအခါမှာ လွှတ်တော်မှာ ကြားနာနေပေမယ်လို့လည်း ဒီပြင်ဆင်ချက် အတည်ပြုနိုင်မယ့် အခြေအနေကတော့ အာမခံချက်မရှိသေးပါဘူးရှင်။