ရေဘေးကြောင့် ရွေးကောက်ပွဲ ထိခိုက် မှာ နိုင်ငံရေး ပါတီတွေ စိုးရိမ်

မြန်မာနိုင်ငံတဝှမ်း ရေလွှမ်းမိုးမှုများ

လူပေါင်း သိန်းနဲ့ချီပြီး ရေဘေးသင့်နေတာကြောင့် လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ကျင်းပနိုင်ရေး အပေါ်မှာ နိုင်ငံရေးပါတီတွေ စိုးရိမ်နေကြပါတယ်။ လာမယ့် ရွေးကောက်ပွဲ တည်ငြိမ်ရေး အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုလိုက်ကြပါတယ်။ ဆယ်စုနှစ်တွေ အတွင်း အလွတ်လပ်ဆုံး ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတဲ့ လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ ရေဘေးဒုက္ခကြောင့် ဘယ်လောက် သက်ရောက် မှု ရှိလာနိုင်မလဲ ဆိုတာကိုတော့ နိုင်ငံရေး ပါတီ တချို့ကို မသိင်္ဂ ီထိုက် ဆက်သွက် တင်ပြထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လနီးပါးဘဲ လိုတော့တဲ့ အချိန်မှာ နိုင်ငံတဝန်း ရေဘေး ဒုက္ခကြောင့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ရေးနဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိရေးတို့ အတွက် နိုင်ငံရေး ပါတီတွေ စိုးရိမ်နေကြပါတယ်။ ရုတ်တရက် ကြုံတွေ့လာရတဲ့ ရေဘေးကြောင့် နိုင်ငံရေး ပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကိုတောင် အပြီးသတ် မတင်နိုင်ကြသေးပါဘူး။

ရေဘေးဒုက္ခ အခက်အခဲတွေသာ ပြေလည်အောင် မဖြေရှင်းနိုင်ရင်တော့ လာမယ့် ရွေးကောက်ပွဲ အခက်တွေ့နိုင်တယ်လို့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပါတီရဲ့ ပြောခွင့်ရလည်း ဖြစ်တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ဒီအခြေအနေက မတည်ငြိမ်သွားရင်တော့ တော်တော် အခက်အခဲ ဖြစ်မယ်လို့တော့ ပြောချင်ပါတယ်။ ကျနော်တို့ တွက်ကြည့်တာတော့ အဲဒီ လူတွေက ရေဘေး ဒုက္ခနဲ့ ပတ်သက်ပြီးတော့ ဒုက္ခတွေ ခံစားနေရတဲ့ အခါမှာ ရွေးကောက်ပွဲ စိတ်ဝင်စားမှုက အများကြီး လျော့သွားတယ်။ အဲတော့ ပြည်သူတွေ ရေဘေးနဲ့ ပတ်သက်ပြီးတော့ ကင်းလွတ်သွားတဲ့ အချိန်မှာ ပြည်သူတွေ ရွေးကောက်ပွဲ စိတ်ဝင်စားလာအောင် အားလုံး ပြန်လည်ကြိုးစားကြဖို့ လိုလိမ့်မယ်လို့တော့ ကျနော်တို့ မှန်းဆပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မသိဘူး ထိခိုက်မှု ရှိမှာကတော့ အမှန်ဘဲ။ ကျနော်တို့ကတော့ အားလုံး ပြန်လည်ပြီးတော့ ကောင်းမွန်သွားလို့ အားလုံးက ကူညီကြလို့ အဆင်ပြေသွားတာမျိုးကို မျှော်လင့်ပါတယ်။ အဲဒီလို မဖြစ်လာရင်တော့ တရားမျှတမှု ရွေးကောက်ပွဲ တရားမျှတမှု ဆိုတာ ဘယ်လိုမှ တွက်ဆလို့ မရနိုင်တဲ့ အခြေအနေ ရောက်သွားနိုင်တယ်လို့ မှန်းပါတယ်။"

ရေဘေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး အရေးပေါ် အခြေအနေ ကြေညာ ထားရတဲ့ ရခိုင်ပြည်နယ် တွင်းမှာလည်း ရွေးကောက်ပွဲ အတွက် စိုးရိမ်စရာတွေ ရှိနေတာပါ။ အိုးမဲ့ အိမ်မဲ့ နဲ့ အခက်အခဲ မျိုးစုံ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်သူတွေကြား ရွေးကောက် ပွဲ အတွက် လှုပ်ရှားဆောင်ရွက်ဖို့ ဆိုတာက အင်မတင်မှ အခက်တွေ့တဲ့ ကိစ္စ ဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်တွင်းမှာ အဓိက ယှဉ်ပြိုင်မယ့် ရခိုင် အမျိုးသားပါတီက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲ တည်ငြိမ်ရေးအတွက် အစိုးရဘက်က ပြန်လည် ထူထောင်ရေးကို ဘယ်လောက် ထိရောက်အောင် လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့လည်း ရခိုင်အမျိုးသားပါတီရဲ့ အကြီးအကဲ တဦးဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။

"ရွေးကောက်ပွဲ ပျက်သွားနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။ အစိုးရရဲ့ အင်မတန် ထိထိရောက်ရောက် ပူးပေါင်းပါဝင် ကူညီဖို့ လူထုရဲ့ ပူးပေါင်းပါဝင် ကူညီမှု အင်မတန် အရေးကြီးပါတယ်။ အချိန်တို အတွင်းမှာ သူတို့ရဲ့ ပုံမှန် ဘ၀ တခုကို ပြန်လည် ထူထောင်နိုင်အောင် ငွေကြေး ထောက်ပံ့ပေးတာမျိုး ကူညီပေးတာမျိုး နိုင်ငံတကာ အကူအညီတွေ အများကြီးရအောင် အစိုးရက မေတ္တာရပ်ခံပြီး တိုက်ရိုက်ကူညီမှုမျိုးနဲ့ အမြန်ဆုံး နာလန်ထအောင် လုပ်နိုင်မယ်ဆိုရင် ရွေးကောက်ပွဲ အပေါ်မှာ သိပ်ပြီး ဆိုးကျိုးသက်ရောက်ပြီး နောက်ဆုတ်ရတဲ့ အခြေအနေမျိုး လျော့သွားနိုင်ပါတယ်။"

ဆယ်စုနှစ်တွေ အတွင်း အလွတ်လပ်ဆုံး ကျင်းပနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတဲ့ လာမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ လပိုင်းဘဲ လိုတဲ့ အချိန်မှာ နိုင်ငံ တဝန်း ရေဘေး ဒုက္ခနဲ့ အကြီးအကျယ်ရင်ဆိုင်လာခဲ့ရတာပါ။ ဒီအခြေအနေ မှာ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတဲ့ နိုင်ငံရေး ပါတီတွေကြား ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တင်သွင်းဖို့က အစ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အဆုံး နှောင့်နှေးမှုတွေ ကြုံနေကြရတာ ဖြစ်ပါတယ်။

ဒီနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီသစ်တွေ အနေနဲ့လည်း အခက်တွေ့နေကြပါတယ်။ လူ့ဘောင်သစ် ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုအောင်က အခုလို ပြောပါတယ်။

"ကျနော်တို့က ရွှေ့စေချင်တယ်။ ဘာကြောင့် ရွှေ့စေချင်သလဲ ဆိုရင် ကျနော်တို့ ပါတီ တခုတည်း အနေနဲ့ ပဏာမ ပြောမယ်ဆိုလို့ ရှိရင် ကျနော်တို့ ပါတီက မှတ်ပုံတင်ခွင့် ရတာက ဇွန်လ ၃ ရက်နေ့ကမှ ရတယ်ပေါ့ဗျာ။ အဲဒီ အခါမှာ ကျနော်တို့ရဲ့ စည်းရုံးရတဲ့ ကိစ္စတွေ လှုပ်ရှားရတဲ့ ကိစ္စတွေ ပါတီ တခုအနေနဲ့ ပြောရရင် အင်မတန် အချိန်တိုတောင်းပါတယ်။"

နိုင်ငံတဝန်း ရေဘေးဒဏ်ကို လနဲ့ချီ ကြုံတွေ့လာခဲ့တဲ့နောက် အစိုးရက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုတို့ကို အရေးပေါ် အခြေအနေ ကြေညာ ခဲ့အပြီး မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း လက်ခံမယ့် ရက်ကို သတင်းတပတ် ထပ်တိုးပေးခဲ့ပါတယ်။

ရေဘေးသင့်သူတွေ မဲပေးခွင့်ရဖို့လည်း ဆောင်ရွက်ပေးမယ် လို့ ရွေးကောက် ပွဲ ကော်မရှင်က ပြောဆိုထားပေမယ့် ရွေးကောက်ပွဲရက် အပြောင်းအလဲတော့ မရှိသေးပါဘူး။ သြဂုတ်လ ၆ ရက်နေ့ အထိ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၉၆၂ ဦးနဲ့ အများဆုံး တင်သွင်းထားနိုင်ပြီး အရင် ဦးနေဝင်း အစိုးရ ကျောထောက်နောက်ခံ ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ကိုယ်စားလှယ်ပေါင်း ၅၆၄ ဦးနဲ့ ဒုတိယ အများဆုံး တင်သွင်းထားပါတယ်။

အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ကိုယ်စားလှယ် ဦးရေ ၃၃၀ ဘဲ တင်သွင်းထားသေးတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပြီး တသီးပုဂ္ဂလနဲ့ နိုင်ငံရေး ပါတီပေါင်း ၆၇ ခုတို့က ကိုယ်စားလှယ် ၃၀၅၄ ဦးတို့ တင်သွင်းထားပြီးလည်း ဖြစ်ပါတယ်။