ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံး ပျောက်ဆုံးခဲ့ကြတဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေလို့ ယူဆရတဲ့ ရုပ်ကြွင်းတွေကို မြန်မာနိုင်ငံက အမေရိကန်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း အတွင်းက ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီရုပ်ကြွင်းတွေကို အမေရိကန် ပြည်ထောင်စုကို ပြန်လည်သယ်ဆောင်လာပြီ ဖြစ်ပြီး ဘယ်သူတွေ ဖြစ်သလဲ ဆိုတာကို ဓာတ်ခွဲစမ်းသပ်သွားမှာ ဖြစ်တယ်လို့လည်း အမေရိကန်ဘက်က ပြောဆိုထားပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
ဒုတိယကမ္ဘာစစ် အတွင်း ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ ကြွင်းကျန် ရုပ်အလောင်းတွေလို့ ယူဆရတဲ့ ရုပ်ကြွင်းတွေကို အင်္ဂါနေ့မှာ မြန်မာနိုင်ငံက အမေရိကန်ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်သုံ့ပန်းနဲ့ ပျောက်ဆုံးစစ်သည် ရှာဖွေ မှတ်တမ်းတင်ရေး အေဂျင်စီ (DPAA) ရဲ့ အစီအစဉ်နဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီး ဒေသတဝိုက်ကနေ ဒီရုပ်ကြွင်းတွေကို ရှာဖွေ တွေရှိခဲ့တာပါ။
အင်္ဂါနေ့မှာ အမေရိကန်ကို သယ်ဆောင်လာပြီ ဖြစ်တဲ့ဒီရုပ်ကြွင်းတွေကိုတော့ ဘယ်သူတွေ ဖြစ်သလဲ ဆိုတာကို သုံးသပ်ဆန်စစ်ဖို့ အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန စစ်သုံ့ပန်းနဲ့ ပျောက်ဆုံးစစ်သည် ရှာဖွေ မှတ်တမ်းတင်ရေး အေဂျင်စီ (DPAA)ရဲ့ ဟာဝိုင်အီက ဓာတ်ခွဲခန်းမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။ မန္တလေးမှာ ပြုလုပ်တဲ့ ရုပ်ကြွင်းတွေ လွှဲပြောင်းတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က အခုလို ပြောပါတယ်။
" စစ်အကျဉ်းသားတွေနဲ့ စစ်အတွင်း ပျောက်ဆုံးခဲ့ရတဲ့ အမျိုးသားတွေ အမျိုးသမီးတွေ အားလုံးအတွက် ရှာဖွေရေးကို တတ်နိုင်သလောက် အစွမ်းကုန် ဆောင်ရွက် သွားမယ့် ကျနော်တို့ရဲ့ ခိုင်မာတဲ့ သံဓိဌာန်ကို ဒီကနေ့မှာ ထပ်ပြီး အတည်ပြုလိုက်တာပါ။ ပြည်ထောင်စု မြန်မာနိုင်ငံ ထံကနေ ဒီရုပ်ကြွင်းတွေကို လက်ခံပြီး အမိမြေကို ပြန်လည် သယ်ဆောင်မှာပါ။ သူတို့ကို ပြန်ပြီး သယ်ဆောင်သွားနိုင်တာကြောင့် ကျဆုံးခဲ့ရတဲ့ မိသားစုတွေ ကာလရှည် ခံစားခဲ့ရတဲ့ စိတ်ဝေဒနာတွေကို သက်သာသွားစေမယ်လို့လည်း မျှော်လင့်ပါတယ်။"
အခု ရှာဖွေတွေ့ရှိထားတဲ့ ရုပ်ကြွင်းတွေကတော့ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလက အမေရိကန် တပ်ဖွဲ့ဝင် ၇ ဦး လိုက်ပါလာတဲ့ B-25G လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။ ၁၉၄၆ ခုနှစ်မှာ လေယာဉ်ပျက် တည်ရှိတဲ့ နေရာကို စုံစမ်းစစ်ဆေးနိုင်ခဲ့ပေမယ့် ရုပ်အလောင်းတွေကိုတော့ ရှာမတွေ့ခဲ့သေးတာပါ။ ရှာဖွေရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Meghan-Tomasita Cosgriff-Hernandes ကတော့ အခုလို ပြောပါတယ်။
" သမိုင်းဆိုင်ရာ အထောက်အထားတွေ၊ မှတ်တမ်းတွေ အရ ပို့ဆောင်ရေး လေယာဉ်က အဲဒီအချိန်က ဒီဒေသမှာ ပျက်ကျခဲ့ရတယ် ဆိုတာကို ပြသနေပါတယ်။ ပို့ဆောင်ရေး လေယာဉ် ဘယ်မှာ ပျက်ကျခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရရှိဖို့ အတွက် ဒေသခံတွေ မျက်မြင်သက်သေတွေနဲ့ စုံစမ်းရေး အဖွဲ့က သွားပြီး တွေ့ဆုံမေးမြန်းခဲ့တာတွေ ရှိသလို သမိုင်းအထောက်အထား အချက်အလက်တွေ ရှိထားပါတယ်။"
ပထမနဲ့ ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန် ၈ သောင်း ၂ ထောင်ကျော် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန် စစ်မှုထမ်း ၆၃၂ ဦးတို့ကတော့ မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့ပြီး အများစုက လေတပ်က ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်ကြွင်းရှာဖွေ မှတ်တမ်းတင်ရေး အေဂျင်စီ DPAA က မြန်မာနိုင်ငံတွင်း ပျောက်ဆုံးခဲ့တဲ့ စစ်သည်တွေကို ၂၀၀၃ - ၂၀၀၄ ခုနှစ်မှာ ရှာဖွေခဲ့ချိန်ကတော့ လေတပ် တပ်ဖွဲ့ဝင် ၇ ဦးရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန် ပြည်ထောင်စုက အာလင်တန် အမျိုးသား စစ်သချိုင်းမှာ မြုပ်နှံခဲ့ပါတယ်။
၁၉၄၄ ခုနှစ်က ဂျပန်တို့ ပစ်ချခဲ့ပုံရတဲ့ အမေရိကန် C-47 စစ်လေယာဉ်က ကချင်ပြည်နယ် မြောက်ပိုင်းမှာ ပျက်ကျခဲ့တာ ဖြစ်ပြီး အမေရိကန် စစ်သည်တွေ ပျောက်ဆုံးခဲ့တာပါ။ ဒီနောက်မှာတော့ မြန်မာနိုင်ငံတွင်း ပျောက်ဆုံး စစ်သည် ရှာဖွေမှု ရပ်ဆိုင်းသွားပြီး ၂၀၁၂ ခုနှစ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton ရဲ့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ အမေရိကန် ပျောက်ဆုံးစစ်သည်တွေ ပြန်လည်ရှာဖွေရေးကို တောင်းဆိုခဲ့တာပါ။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ကြွင်းရှာဖွေ မှတ်တမ်းတင်ရေး အေဂျင်စီရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံတွင်းမှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန် စစ်သည်တွေကို ဆက်ပြီး ရှာဖွေနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5