မြန်မာနဲ့ကမ္ဘာ သတင်းလွတ်လပ်ခွင့် ကျဆင်းမှု Freedom House အစီရင်ခံစာ ဖော်ပြ

ကမ္ဘာပေါ်မှာ လွတ်လပ်တယ်လို့ သတ်မှတ်ခံလာရတဲ့ နိုင်ငံတွေအပါအဝင် ကမ္ဘာ့နိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့် ကျဆင်းလာတယ်လို့ ကမ္ဘာတဝန်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေကို လေ့လာမှတ်တမ်းတင်နေတဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က အစီရင်ခံထုတ်ပြန်လိုက်ပါတယ်။ အစဉ်အလာအားဖြင့် လွတ်လပ်ပွင့်လင်းတဲ့ လူမှုအဖွဲ့အစည်းတွေမှာ သတင်းဖိနှိပ်မှုနဲ့ ကြိုးကိုင် ချယ်လှယ်မှုတွေက ပုံစံသစ်နဲ့ ဖြစ်ပေါ်နေတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ Freedom and the Media ဆိုတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဥရောပနိုင်ငံတွေမှာသာမက အမေရိကန်ပြည်ထောင်စုမှာပါ သတင်းလွတ်လပ်ခွင့် ကျဆင်းလာတဲ့အကြောင်း VOA သတင်းထောက် Ramon Taylor က New York မြို့ကနေ သတင်းပို့ထားပါတယ်။ မစုမြတ်မွန်က တင်ပြပါမယ်။

ကမ္ဘာတဝန်း အာဏာရှင်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံတွေမှာသာမက လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာပါ ပုံစံသစ်နဲ့ သတင်းဖိနှိပ်မှုတွေ များလာတယ်လို့ ဝါရှင်တန်မြို့တော် အခြေစိုက် Freedom House အဖွဲ့က ပြောကြားလိုက်ပါတယ်။ အခြေမခိုင်သေးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ သတင်းထောက်တွေနဲ့ သတင်း မီဒီယာတွေအပေါ် ဖိနှိပ်တဲ့ ပုံစံသစ်တွေ ရှိလာတယ်လို့ Freedom House ကထုတ်ပြန်တဲ့ Freedom and the Media အစီရင်ခံစာမှာ မီးမောင်း ထိုးပြထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေအပေါ် တရုတ်က သြဇာလွှမ်းမိုးနိုင်အောင် ကြိုးစားလာတာကလည်း သတင်းလွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိနေတယ်လို့ အစီရင်ခံစာပြုစုသူက ပြောပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်အသုံးချဖို့ ကြိုးစားလာတာကို Freedom House အဖွဲ့ရဲ့ သုတေသနရေးရာ အကြီးတန်းညွှန်ကြားရေးမှူး Sarah Repucci ကပြောပါတယ်။

"တရုတ်အစိုးရကနဲ့ သူတို့နဲ့ အဆင်ပြေတဲ့ သတင်းဌာနတွေကို ရွေးချယ်ပြီး သူတို့ဖြန့်ချင်တဲ့ သတင်းစကားတွေကို ထုတ်ဝေဖြန့်ချီ အသံလွှင့်နေပါတယ်။ အဲဒီနိုင်ငံတွေက သတင်းထောက်တွေအပေါ်မှာသာ ဖိအားပေးတာမျိုး မဟုတ်ဘဲ သံတမန်တွေ၊ သတင်းမီဒီယာလုပ်ငန်းပိုင်ရှင်တွေကိုပါ ဖိအားပေးပြီး တရုတ်အစိုးရ အလိုကျ ဆင်ဆာဖြတ်စေတာမျိုးတွေလည်း လုပ်နေပါတယ်။"

Eurasia ဒေသနဲ့ အာဖရိကတိုက် မြောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသ ၂ ခုက ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်မှု အနည်းဆုံးဖြစ်တယ်လို့ Freedom House က သတ်မှတ်ဖော်ပြပါတယ်။ နိုင်ငံ ငါး နိုင်ငံမှာ လေး နိုင်ငံက လွတ်လပ်တဲ့ ဥရောပမှာလည်း သတင်းလွတ်လပ်ခွင့် ကျဆင်းနေပါတယ်။ ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့် ကျဆင်းနေတဲ့ နောက်အကြောင်းအချက်တခုက လက်ယာစွန်းဝါဒကို ထောက်ခံသူတွေ များလာတာကြောင့် ဖြစ်တယ်လို့ Freedom House အဖွဲ့က ထောက်ပြပါတယ်။ လူထုအကြိုက်လိုက်ပြောနေတဲ့ အများကြိုက်ဝါဒီ ခေါင်းဆောင်တွေက လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ချယ်လှယ်နိုင်ဖို့ ကြိုးစားလာကြတယ်လို့ ပြောပါတယ်။ လွတ်လပ်မှုရှိတယ်လို့ သတ်မှတ်ထားကြတဲ့ နိုင်ငံတွေထဲက ၁၆ နိုင်ငံမှာ ပြီးခဲ့တဲ့ ငါး နှစ်အတွင်း သတင်းလွတ်လပ်ခွင့် ကျဆင်းလာတာ တွေ့ရတယ်လို့ Freedom House ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာလည်း သတင်းလွတ်လပ်ခွင့်တွေ ကျဆင်းနေပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေနဲ့ သတင်းလုပ်ငန်းတွေအပေါ် ခြိမ်းခြောက် တိုက်ခိုက်မှုတွေကို ခိုင်မာတဲ့ ဥပဒေတွေနဲ့ အကာအကွယ်ထားတယ်လို့ Sarah Repucci ကပြောပါတယ်။

"အဓိက သတင်းမီဒီယာကြီးတွေက သူတို့အပေါ် တိုက်ခိုက်မှုတွေကို အခိုင်အမာ တွန်းလှန်နေသလို ခေါင်းဆောင်တွေ တာဝန်ခံမှု ရှိလာဖို့ သတင်းအချက်အလက်တွေကို ဆက်ပြီး ထုတ်ပြန်နေကြပါတယ်။ ဒါပေမဲ့ အရင်ကလို လွတ်လွတ်လပ်လပ် သတင်းထုတ်ပြန်နိုင်တဲ့ အနေအထားမျိုးကတော့ ပြောင်းလဲကောင်း ပြောင်းလဲနေတာမို့ အရင်အခြေအနေမျိုး ပြန်ရောက်နိုင်ဖို့ကတော့ ခက်ခဲနိုင်ပါတယ်။"

အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပါတ်သက်တဲ့ ဖော်ပြချက်မှာတော့ ခုနစ် နှစ် ထောင်ချခံရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ သူတို့ကို လုံးဝအပြစ်က ကင်းလွတ်ပေးခဲ့တာ မဟုတ်ဘူးဆိုတဲ့အချက်ကို ထောက်ပြထားပါတယ်။ လက်ရှိအခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ Sudan နဲ့ Venezuela နိုင်ငံတွေမှာ လူမှုကွန်ယက်တွေဟာ သတင်းထောက်တွေအတွက်တင် မဟုတ်ဘဲ ဒီမိုကရေစီအတွင်ပါ အသုံးဝင်တဲ့ ကြားခံတခု ဖြစ်နေတယ်လို့လည်း Freedom House က ပြောပါတယ်ရှင်။

Your browser doesn’t support HTML5

မြန်မာနဲ့ကမ္ဘာ သတင်းလွတ်လပ်ခွင့် ကျဆင်းမှု Freedom House အစီရင်ခံစာ ဖော်ပြ