ကချင်မြောက်ပိုင်း လမ်းပြန်ဖွင့်ပေးဖို့ အခက်ကြုံ ဒေသခံတွေ မျှော်လင့်
{{Zawgyi/Unicode}}
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအိုလမ်း အသွားအလာ ဖြတ်တောက်ခံထားရတဲ့အတွက် ဒေသခံတွေ အစားအစာနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်မှုတွေ ကြုံနေပါတယ်။ ဒါကြောင့် အခြေခံစားကုန်နဲ့ စက်သုံးဆီတွေ သယ်ယူနိုင်ဖို့ မြစ်ကြီးနား-ပူတာအိုလမ်းကို မနက်ဖြန်ကနေ အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးမယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လောလောဆယ်မှာတော့ အရေးပေါ်လူနာတွေကိုတောင် မြစ်ကြီးနားမြို့ကို ပို့ဆောင်ဆေးကုဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို မအင်ကြင်းနိုင် ကတင်ပြပါမယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်နေတဲ့အတွက် နယ်မြေလုံခြုံရေးအရဆိုပြီး နှစ်ဘက်စလုံးက လမ်းပန်းဆက်သွယ်ရေးကို အသီးသီးဖြတ်တောက်ထားပါတယ်။
လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေလို့ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေလည်း အဆမတန် ဈေးတက်နေပါတယ်။ မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအိုလမ်းကို ယာယီပိတ်ထားရာကနေ မတ်လ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ကစပြီး စက်သုံးဆီနဲ့ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းသွားခွင့်ပြုမယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို လမ်းပြန်ပွင့်သွားရင် ကုန်စည်ပြန်စီးဆင်းနိုင်မယ်လို့ ဒေသခံတွေဘက်က မျှော်လင့်နေပါတယ်။
"မြို့တွင်းအခြေအနေကတော့ လောလောဆယ် အကုန်လုံးပြောရမယ်ဆို ပျက်လု့နီးနီး၊ လှုပ်ရှားမှုပိုင်းဆိုင်ရာမှာတော့ တော်တော်လေးကို ရပ်တန့်သလောက် ဖြစ်သွားတယ်။ ပူတာအိုမြို့တွင်းထဲမှာတော့ အရောင်းအဝယ်တွေ အေးတိအေးစက် ဖြစ်ကုန်တာပေါ့။ မရှုနိုင် မကယ်နိုင်တဲ့ အခြေအနေကျတော့ အခုလို ဒီလိုဖွင့်ပေးလိုက်တဲ့အချိန်ကျ အသက်ရှူပေါက်လေးတော့ ရတာပေါ့။ ပိုပြီးတော့ အသက်ရှူနည်းနည်း ပြန်ချောင်လာတာပေါ့၊ အဲလိုပဲယူဆလို့ရတယ်။"
မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လို့ ဖေဖော်ဝါရီလ ၂၂ ရက်ကစပြီး ဖြတ်သန်းခွင့် ယာယီပိတ်ထားခဲ့တာပါ။ ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့လို့ ပူတာအိုမြို့တွင်းမှာ စက်သုံးဆီပြတ်တောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဈေးတွေကလည်း အဆမတန်တက်ခဲ့တာပါ။ အသွားအလာလုပ်လို့ မရတဲ့အတွက် လူနာတွေကို မြစ်ကြီးနားမြို့ကို ပို့ဆောင် ဆေးကုလို့တောင် မရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
"အခက်အခဲက ဘယ်လောက်ဖြစ်သွားလဲဆိုတော့ တချို့ကျတော့ မြစ်ကြီးနားဘက်ဆင်းမယ်၊ အရေးပေါ်လူနာတွေဆို။ ဥပမာဆိုပါစို့ လေယာဉ်ပေါ်မှာကျတော့ အောက်ဆီဂျင်တွဲပြီးတော့ သယ်လို့မရ၊ မြေပြန့်မှာကျတော့ အောက်ဆီဂျင်တွဲပြီးသယ်လို့ရတဲ့ ပရဟိတလုပ်ငန်းလုပ်တဲ့လူတွေ အခက်အခဲတွေ့တယ်။ ခွဲစိတ်ကုသဖို့လိုအပ်တဲ့ ရောဂါအခြေအနေ ဆိုးရွားတဲ့သူတွေဆိုလည်း အခက်အခဲတွေအမျိုးစုံ ကြုံတယ်။ ပြီးရင် သွားလာမှုကုန်သွယ်တဲ့အပိုင်း၊ ဥပမာ ကျနော်တို့ ပူတာအိုကနေ ခေါင်လန်ဖူးကို ကုန်သွယ်တဲ့အပိုင်းမှာလည်း အခက်အခဲအမျိုးမျိုးဖြစ်သွားတယ်။ ဘယ်လောက်ထိ ဖြစ်သွားလဲဆိုတော့ ဆီတအားရှားသွားတဲ့အတွက်ကြောင့် ခါတိုင်းက ပန်နန်းဒင်အထိကို ကားတစီးကို အလွန်ဆုံးမှ လေးသိန်းခွဲဆို သွားလို့ရတယ်၊ ကားငှားပြီးသွားတာပေါ့။ အခုကျတော့ ကားခက ဆယ်သိန်းကျော်လောက်ပေါက်တယ်။ အဲလိုတွေဖြစ်သွားတော့ အနီးအနားသွားတာတောင်မှ ဈေးတွေက မတရားတက်သွားတဲ့အခါကျတော့ အားလုံးကတော့ ဘယ်လိုပြောလဲဆိုတော့ ခဏရပ်ကြည့်တာပေါ့။ အခြေအနေကောင်းမှ ပြန်သွားမယ်ဆိုတဲ့ အနေအထားမှာ စောင့်ကြည့်တဲ့အနေအထားမှာပဲ အဲလိုအခြေအနေဖြစ်သွားတဲ့အခါကျ အေးတိအေးစက်နိုင်တဲ့ ကာလတခုကိုတော့ ဖြတ်ရတာပေါ့။"
ပူတာအိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ဆီဆိုင်တချို့မှာ ရောင်းချဖို့ ဆီမရှိတော့လို့ ဆိုင်ပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။ သာရေး၊ နာရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတယာဉ်တချို့လည်း ဆီမရှိတော့လို့ ကူညီရေးလမ်းကြောင်းတွေကို ယာယီရပ်ဆိုင်းထားရပါတယ်။ ရေရှည်မှာ အခြေခံစားနပ်ရိက္ခာ ပြတ်တောက်သွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ကိုဗစ်ကပ်ရောဂါကာလမှာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးပစ္စည်းတွေလည်း ဝယ်မရတဲ့အခြေအနေဖြစ်ခဲ့တယ်လို့ ပူတာအိုမြို့တွင်းမှာ ဖွင့်လှစ်ထားတဲ့ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
"တချို့ဆေးတွေဆို တော်တော်လေးပြတ်သွားပြီ။ ကြာပြီ တပတ်လောက်ရှိသွားတာပေါ့နော်။ လမ်းမဖွင့်သေးဘူးဆိုတော့ မှာရင်လည်းမရောက်တော့ဘူး။ အခုမှဖွင့်မယ်ဆိုတော့ ပြန်မှာထားတယ်။ မဖွင့်ရင်တော့ ဆေးကတော့ပြတ်လတ်နေဦးမှာပဲ အဲလိုဖြစ်သွားမှာ။ တကယ်လို့ ဖွင့်ပေးမယ်ဆိုရင်တော့ ကျမတို့ ဒီပူတာအိုဘက်မှာတော့ စားသောက်ကုန်တွေရော၊ အစစအရာရာမှာတော့ လူသုံးကုန်ပစ္စည်းတွေလည်း အဆင်ပြေသွားတာပေါ့နော်။"
အခုလိုအခြေအနေကြုံနေချိန် ပူတာအို- မြစ်ကြီးနာလမ်းကနေ ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေကို သယ်ယူပို့ဆောင်နိုင်မယ်ဆိုတဲ့အပေါ် ဒေသခံတွေ အတော်လေးမေ ျှာ်လင့်နေကြပါတယ်။
မြစ်ကြီးနား - ဆွမ်ဘရာဘွမ် - ပူတာအို လမ်းပိုင်းကို မနက် ၆ နာရီကနေ ညနေ ၅ နာရီအတွင်း စက်သုံးဆီနဲ့ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းသယ်ဆောင်ခွင့်ပြုမယ်လို့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ သွားလာခွင့်ပြုမယ့်ထဲမှာ ခရီးသည်တင်ယာဉ်တွေ မပါသေးသလို၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ စစ်သားတွေ၊ စစ်လက်နက်ကိရိယာတွေကိုလည်း သွားလာခွင့်မပြုဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5
.........................................
{{Zawgyi/Unicode}}