ကာကွယ်ရေးဒုဝန်ကြီးလေးဦးကို ရုရှားသမ္မတဖယ်ရှား

ရုရှားသမ္မတ Vladimir Putin မော်စကိုမြို့က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ စကားပြောနေစဥ်။ (ဇွန် ၁၄၊ ၂၀၂၄)

ရုရှားကာကွယ်ရေးဒုဝန်ကြီး ၄ ဦးကို သမ္မတ ဗလာဒီမီယာပူတင်က တနင်္လာနေ့မှာ ရာထူးက ဖယ်ရှားလိုက်ပါတယ်။ အဲဒီနေရာတွေအတွက် အစားထိုးခန့်အပ်လိုက်သူတွေထဲမှာ ဥရောပသမဂ္ဂတာဝန်ရှိသူတွေရဲ့ အဆို “အနီးကပ်ဆွေမျိုး”တယောက်လည်းပါဝင်ပါတယ်။

ကာကွယ်ရေးဌာန အဆင့်မြင့်အရာရှိအတော်များများကြား လာဘ်ပေးလာဘ်ယူမှုတွေရှိနေတယ်ဆိုပြီး ဧပြီလမှာ အစီရင်ခံစာတွေထွက်လာပြီးတဲ့နောက် Nikolai Pankov, Ruslan Tsalikov, Tatiana Shevtsova နဲ့ Pavel Popov တို့ ရာထူးကဖယ်ရှားခံရတာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း Sergei Shoigu ကိုတော့ ပြီးခဲ့တဲ့မေလမှာ သမ္မတပူတင်က ဖယ်ရှားလိုက်တာပါ။

ယူကရိန်းရှေ့တန်းစစ်မျက်နှာမှာ ရုရှားတပ်တွေ ပိုမိုအားကောင်းလာအောင်ကြိုးပမ်းတဲ့အနေနဲ့ ရုရှားစစ်တပ်ကြား ခုလိုအပြောင်းအလဲတွေလုပ်လာတာဖြစ်တယ်လို့ ပြည်ပသတင်းတွေက ပြောကြပါတယ်။ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း အလားတူ တပ်တွင်းအပြောင်းအလဲတွေလုပ်ခဲ့ပါသေးတယ်။

ခုအစားထိုးတာဝန်ပေးအပ်လိုက်တဲ့သူတွေထဲမှာ သမ္မတပူတင်နဲ့ တဝမ်းကွဲတော်စပ်သူရဲ့သမီး Anna Tsivileva လည်းပါဝင်ပါတယ်။ Anna ဟာ သမ္မတကတိုက်ရိုက်ခန့်အပ်ရတဲ့ ရုရှားထောက်ပို့ရေးတပ်ရဲ့ အကြီးအကဲဟောင်းလည်းဖြစ်ပါတယ်။

သမ္မတပူတင်နဲ့ သူဝမ်းကွဲတူမ Anna Tsivileva

နောက်ထပ် အစားထိုးခန့်အပ်လိုက်သူတွေကတော့ ဝန်ကြီးချုပ်ဟောင်းနဲ့ ပြည်ပ ထောက်လှမ်းရေးအကြီးအကဲ Mikhail Fradkov ရဲ့သား Pavel Fradkov၊ စီးပွါးရေးဝန်ကြီးဟောင်း Oleg Savelyev နဲ့ စီးပွါးရေးဖွံ့ဖြိုးတက်မှုဌာနအကြီးတန်းအရာရှိ Leonid Gornin တို့ဖြစ်ကြပါတယ်။

Your browser doesn’t support HTML5

ကာကွယ်ရေးဒုဝန်ကြီးလေးဦးကို ရုရှားသမ္မတဖယ်ရှား