ရခိုင် အရေးပေါ်အဆို အမျိုးသားလွှတ်တော် မှတ်တမ်းတင်

myanmar Hluttaw (MOI)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အမြန်ရပ်စဲရေးအတွက် လွှတ်တော်တွင်းအရေးကြီးအဆိုကို မှတ်တမ်းအနေနဲ့သာထားဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ဖက်က စတင် တိုက်ခိုက်နေခြင်းသားဖြစ်ပြီး၊ တိုက်ပွဲတွေ ရပ်ဖို့အတွက် တဖက်သပ် လုပ်လို့မရဘူးလို့ တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က ထောက်ပြခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ မမေခက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်နေတဲ့ အစိုးရစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ အကြား တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့နဲ့ AA အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အရေးပေါ် အဆိုကို မှတ်တမ်းထားဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအဆိုကိုတော့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က မေလ ၂ ရက်နေ့က တင်သွင်းခဲ့တာပါ။ ဒီအဆိုကို မှတ်တမ်းအဖြစ်ထားဖို့ အမျိုးသားလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရအနေနဲ့ မကြာခင်မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးပါဝင်တဲ့ ညီလာခံတရပ်ခေါ်ယူဖို့ရှိတယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောဆိုပါတယ် ။

“နိုင်ငံတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးမှတဆင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာမှာ၊ မပါဝင်သေးတဲ့အဖွဲ့ကို ပါဝင်အောင် ဆောင်ရွက်မှာဖြစ်တဲ့အတွက် AA လက်နက်ကိုင်အဖွဲ့အစည်းကလည်း ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်လာမှာဖြစ်ပါတယ်။ ကိုယ်စားလုယ်တွေရဲ့ဆွေးနွေးချက်ထဲမှာ တဖွဲ့ထဲဆွေးနွေးနေတာမဟုတ်ပဲနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ဆွေးနွေးရန် လိုကြောင်း ပါဝင်နေသလို နိုင်ငံတော်အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေး ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ မပါဝင်သေးတဲ့အဖွဲ့များကို ပါဝင်စေပြီး ၊ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစဉ်တစိုက်ဆောင်ရွက်နေကြောင်း ပေါ်ပေါက်နေတဲ့အတွက် မှတ်တမ်းတင်ထားရှိသင့်ကြောင်း တွေ့ရှိရပါတယ်။”

လက်ရှိမှာ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျော်တော် အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံ လွှတ်တော်ကိုယ် စားလှယ် တွေကပြောပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေက ၂၀၀၀ခန့်လောက်ရှိနေပြီး အခုလောလောဆယ် စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေး၊ ကျန်းမာ ရေးကအစ ပြဿနာရှိနေသလို လိုအပ်ချက်တွေလည်းရှိနေပေမယ့် ဒီနေ့အထိ ပြည်နယ်အစိုးရရော၊ ပြည်ထောင်စုအစိုးရရော ဘာမှ ကူညီပေးတာ မတွေ့ရသေးဘူးလို့ ရခိုင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြမှုတွေရှိနေပါတယ်။ ဒီအတွက် ရခိုင်လက်နက်ကိုင် AAကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်ဖို့ ကိုယ်စားလှယ်အချို့ကထောက်ပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က လက်ရှိ ရခိုင်ပြည်နယ်ကြုံတွေ့နေရတာနဲ့ပတ်သတ်ပြီးအခုလိုပြောပါတယ်။

“ဒုက္ခသည်တွေအဓိကကြောက်နေတာက ‘ပေါ်တာ’ ဆွဲခံရမှာ ဖြစ်ပါတယ်။ ပေါ်တာ တွေဟာ ရိက္ခာ၊ လူနာနဲ့ ပစ္စည်းတွေကို မနိုင်တနိုင်ထမ်းနေရပါတယ်။ ရွာတရွာမှာ လူ ၂ ယောက်၊ ၃ ယောက်ပေါ်တာအဆွဲခံရပြီဆိုရင်တရွာလုံးက အဲဒီအဆွဲခံရတဲ့ လူတွေအတွက် စိုးရိမ်ပူပန်နေရပါတယ်။ အခုတိုက်ပွဲတွေအတွင်းမှာ ပေါ်တာဆွဲခံရတာ ၂၀ ယောက်ရှိသွားပါပြီ။”

ရခိုင်ပြည်နယ်တွင်းက အစိုးရတပ်နဲ့ AA လက်နက်ကိုင်တပ်အကြား ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က စတင်ပြီး ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့လို့ နှစ်ဘက်အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်နေတာက ငြိမ်းချမ်းရေးကို ပိုအလှမ်းဝေးနိုင်တာကြောင့် နှစ်ဖက်စလုံး သတိထားဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့ကထောက်ပြမှုတွေလည်းရှိခဲ့ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရပြီး စားဝတ်နေရေးအခက်အခဲများစွာနဲ့ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်မှုးကြီး စိန်ဝင်းကတော့

“ရခိုင်ပြည်နယ်အတွင်းမှာ ကျရောက်တဲ့ ၊ ကျရောက် လာတန့်သော အမျိုးသားရေးအန္တရာယ်များကို မျက်ကွယ်ပြုပြီး တိုင်းရင်းသားအရေးကို ဦးစားပေးကာကွယ်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုတပ်မတော်ကို ယခုလို စတင်တိုက်ခိုက်ခြင်းဟာ အမျိုးသားရေးအန္တရာယ်ကို လက်ကမ်းခေါ်နေတဲ့ အပြုအမှုသာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၁ ရာစုပင်လုံညီလာခံခေါ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိက ဆောင်ရွက်နေတဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာကို ပြင်ဆင်ဖွဲ့စည်းပြီး၊ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးညီလာခံ တရပ်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းသွားမယ်လို့ တွေ့ဆုံပွဲမှာပြောဆိုထားတာကြောင့် တိုင်းရင်းသားပေါင်းစုံပါဝင်မလားမပါဝင်မလားဆိုတာကတော့ စောင့် ကြည့်ရမယ်လို့ အများစုကသုံးသပ်နေကြပါတယ်။