အလယ်ပိုင်းဒေသ လေပြင်းမုန်တိုင်း အပျက်အစီးများ

စနေနဲ့ တနင်္ဂနွေနေ့က ကျရောက်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့။

ပဲခူး၊ မကွေး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ စနေ၊ တနင်္ဂနွေနေ့က ထပ်ပြီးမိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေရာအတော်များများ ပျက်စီးဆုံးရှုံးမှုအတော်များများရှိခဲ့ပါတယ်။ မန္တလေးမြို့ပေါ်မှာ တော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြိုလဲကျနေတဲ့ သစ်ပင်ကြီးတွေ လိုက်လံရှင်းလင်းရေးတွေကို မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ လျှပ်စစ်ဌာနဝန်ထမ်းတွေနဲ့အတူ ပြည်သူတွေကပူးပေါင်းဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

စနေနဲ့ တနင်္ဂနွေနေ့က ကျရောက်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့် ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ် တဝိုက်၊ မကွေးတိုင်းက စလင်းမြို့နယ်အပါဝင်၊ မန္တလေးတိုင်းဘက်မှာတော့ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ လယ်ဝေး၊ မိတ္ထီလာ၊ မန္တလေး စတဲ့မြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်း ပုလဲနဲ့ ရွှေဘိုမြို့နယ်တို့မှာ ပျက်စီးထိခိုက်မှုတွေ အများအပြားရှိခဲ့ပါတယ်။

မန္တလေးမြို့မှာတော့ ထိခိုက်ပျက်စီးမှုအဆိုးဆုံးဖြစ်တဲ့မြို့နယ်တွေကို အဓိကထားပြီး ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“သစ်ပင်တွေလဲပြီးတော့ အိမ် ပိတာတို့၊ သစ်ကိုင်းတွေကျိုးပြီးတော့ ပိတ်မိနေတာတို့ အဲလိုမျိုးအရမ်းဆိုးတဲ့နေရာပဲ ဦးစားပေးပြီးတော့ မကွေးတိုင်းအတွင်းပေါ့နော် ။ ချမ်းအေးသာစံ တို့၊ ချမ်းမြသာစည်လိုမျိုး မြို့ပေါ်မှာရှိတဲ့ မြို့နယ်တွေကတော့ သူ့မြို့နယ်နဲ့အတူ တာဝန်ကျေအောင်ထမ်းဆောင်တာတွေ့ရပါတယ်။

မေး။ ။ မနေ့ညကဖြစ်တဲ့ သစ်ပင်ကျိုးတဲ့အခြေအနေတို့၊ အိမ်ပိတဲ့ အခြေအနေတွေရောတော်တော်များလားရှင့်။ ဒီမြို့နယ်အလိုက်ကြည့်မယ်ဆိုရင်။

ဖြေ။ ။ သစ်ပင်လဲပြီးတော့ လမ်းပေါ်မှာပိတ်တာလောက်ပဲရှိတယ်ဗျ၊ သစ်ပင်လဲပြီးတော့ အိမ်တွေဘာတွေပိတာတို့တော့ ၁ ခု၊ ၂ ခုလောက်ပဲရှိတယ်ဗျ။ သစ်ပင်လဲတာတော့ တော်တော်များနေတယ်။

မေး။ ။ အဲတော့ မနေ့က စဉ့်ကိုင်ဘက်မှာတော့ ဘယ်လိုအခြေအနေကြားသေးသလဲရှင့်။

ဖြေ။ ။စဉ့်ကိုင်ဘက်မှာတော့ကျနော်တို့သိသလောက်ကတော့ စဉ့်ကိုင်ဘက်မှာ အရင်သက်တမ်းကြာပြီဖြစ်တဲ့ သစ်ပင်ကြီးတွေ ခြောက်ပြီးတော့ ၊ သစ်ပင် အရမ်းကြီးတွေဖြစ်နေတာတွေ လဲတယ်။ အိမ်ခေါင်မိုးတွေလှန်တယ် ဒီလောက်ပါပဲ။ လူထိခိုက်မှုတော့မရှိပါဘူး။

မေး။ ။ အခု တညလုံးရော လူကြီးမင်းတို့ဘက်က လိုက်ရှင်းလင်းနေတဲ့ အခြေအနေတွေ၊ ကူညီရေးလုပ်ပေးနေတဲ့အခြေအနေတွေဘယ်လိုရှိသလဲရှင့်။

ဖြေ။ ။ပြီးခဲ့တဲ့ ၁ နာရီလောက်မှ အကုန်လုံး သူ့စခန်းအသီးသီးကို ကျနော်တို့လွှတ်ထားတဲ့နေရာကနေ ရှင်းလင်းပြီးသွားပြီ သတင်းပို့ပြီးသွားပြီလို့ ပြီးခဲ့တဲ့ ၁ နာရီလောက်ကမှပဲ သူတို့ စခန်းကိုပြန်ကြတာဗျ။

မန္တလေးမြို့နဲ့ နီးစပ်နေတဲ့နေရာတွေမှာ လဲတဲ့နေရာတွေအကုန်လုံး EPC၊ စည်ပင်ရယ်၊ မီးသတ်ရယ်၊ ရဲရယ် ။ ရဲက ကျတော့ သူတို့လဲတဲ့နေရာတွေမှာ လိုက်စုံစမ်းပေးတယ်။ EPC ကကျတော့ ပျက်ကျနေတဲ့ ဓါတ်အားလှိုင်းတွေ ၊ဖုန်း ကြိုးတွေကို ကျနော်တို့ ဒီ မီးသတ်ကား operator ကနေ လှမ်းအကြောင်းကြားပေးတယ်။ အဲဒါမှ မီးသတ်နဲ့ စည်ပင်နဲ့ လုပ်လို့ရတယ်ဗျ။ အဲလိုမျိုးဝိုင်းပြီးတော့လုပ်ကြတယ်။ တချိန်တည်းမှာပဲ ပြည်သူကလည်း ဘယ်နားမှာတွေ ပိတ်မိနေပါတယ်ပေါ့ လှမ်းပြီးတော့ ဆက်သွယ်တဲ့အတွက် ကျနော်တို့လည်း လုပ်ငန်း လုပ်ရတာထိရောက်တယ်ပေါ့နော်။”

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ဘက်မှာလည်း လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် သစ်ပင်တွေပြိုလဲပြီး အိမ်တချို့ ထိခိုက်ခဲ့သလို အဆောက်အဦးတချို့ကသွပ်ခေါင်းမိုး တွေလည်းပျက်စီးသွားခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ညနေ ၅ နာရီခွဲ ကနေ ၆ နာရီခွဲ အဲဒီအတွင်းမှာ ဆက်တိုက်တိုက်သွားတယ်ခင်ဗျ။ လူအသေအပျောက်တို့၊ ထိခိုက်မှုတွေတော့မရှိဘူးပေါ့နော်။ ဒီတိုင်းလေပြင်းတိုက်တယ်ပေါ့။ ခဏနေကျတော့ မိုးပါရွာပြီးတော့ မိုးသက်လေပြင်းတိုက်တယ်ပေါ့။ နောက်အပင်တွေကျိုးကျတယ်လေ။ သက်တမ်းရင့်အပင်ကြီးတွေ အပင်နဲ့နီးတဲ့နေရာတွေ တချို့ပေါ့နော် ။ ၂ အိမ်၊ ၃ အိမ်လောက်ပါပဲ။ ပင်စည်ကြီးတွေ၊ ညောင်ပင်ကြီးတွေ ပျတ်ကျပြီးတော့ အိမ်တွေကိုပိတာတွေရှိတယ်ပေါ့။ လူတွေကတော့ ဘာမှမဖြစ်ဘူးပေါ့။ နောက်တခြား အဆောက်အဦးအကြီးတွေရှိတယ် အဲဒါတွေက သွတ်မိုးလှန်သွားတယ်ပေါ့။ သွတ်မိုးတွေပြတ်ထွက်သွားတာတွေရှိတယ်ပေါ့။”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာလည်း မိုးရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အဦတွေ၊ ကျန်းမာရေး အဆောက်အဦတွေ၊ စာသင်ကျောင်း အဆောက်အဦတွေနဲ့ လူနေအိမ်ခြေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

စနေနေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းကြောင့်လည်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကျေးရွာနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သလို လူအနည်းဆုံး (၃) ဦးသေဆုံးခဲ့တယ်လို့ ပြည်တွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ဒါအပြင် မုန်တိုင်းကြောင့် သေဆုံးခဲ့တဲ့ ကွဲျ၊ နွား တိရစ္ဆာန်အတော်များ တယ်လို့ ဆိုပေမယ့် အရေအတွက်အတိအကျကိုတော့ သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ပြင်းထန်တဲ့ အန်လ်နီညိုရာသီဥတုဖေါက်ပြန်တဲ့ဒဏ်ကိုခံရတဲ့အတွက် မိုးထစ်ချုန်းရွာပြီး၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေကျတာနဲပ မိုးကြိုးပစ်တာ စတဲ့ ဘေးအန္တရာယ်တွေကြောင့် နိုင်ငံတဝှမ်းလူပေါင်း (၁၆) ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံတဝှမ်း ရာသီဥတုဆိုးရွားမှုကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။