ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ အရထုတ်ပြန်တဲ့ အဲဒီ ညမထွက်ရအမိန့်ကို ဒီကနေ့ကစပြီး ၂ လကြာထိ အတည်ဖြစ်တဲ့အကြောင်း အမိန့်စာမှာ ဖော်ပြ ထားပါတယ်။
ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့နယ်ငါးမြို့နယ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်ခွင့်ပြုဖို့ တင်ပြ တဲ့အပေါ် အတည်ပြုကြောင်းနဲ့ ဧပြီလ ၂ ရက် ဒီကနေ့မှာ အမိန့်ထုတ်ပြန် ဆောင်ရွက်သွားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ဧပြီလ ၁ ရက် တနင်္လာနေ့မှာ အကြောင်းကြားပြီးတဲ့နောက် မင်းပြားအုပ်ချုပ်ရေးမှူးရဲ့ ဒီကနေ့အမိန့် ထွက်လာတာလည်းဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ပြည်တွင်းအခြေစိုက် သတင်းဌာနတချို့ဆီကို AA အဖွဲ့နဲ့ပတ်သက်လို့ မဟုတ်မမှန်ဖော်ပြတာ၊ အကြမ်းဖက် သောင်းကျန်းသူလို့ သုံးနှုှုန်းတာနဲ့ အစိုးရဘက်ကို ဘက်လိုက်ဖော်ပြတာတွေ ရှိတယ်ဆိုပြီး ခြိမ်းခြောက်စာတွေ ရထားတဲ့ အကြောင်း ပြည်တွင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။
ခြိမ်းခြောက်စာရတဲ့ သတင်းဌာနတွေထဲမှာ 7 Days သတင်းဂျာနယ်၊ The Voice ဂျာနယ်၊ Eleven Media Group ၊ Mizzima ၊ MCN ၊ ရန်ကုန်ခေတ်သစ်နဲ့ သူရိယနေဝန်းဂျာနယ်တို့ ပါတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီခြိမ်းခြောက်စာကို ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက ပို့တာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Your browser doesn’t support HTML5