ရခိုင်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနဲ့ တိုက်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ INGOs အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၆ ဖွဲ့ က ဧပြီလ တရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေ အထဲမှာ နေထိုင်သူဒေသခံ အနည်းဆုံး ၉၅,၀၀၀ ကျော် အတွက် လိုအပ်တဲ့ အကူအညီတွေ မရပဲဖြစ်နေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
တိုက်ပွဲတွေ အရှိန်မြင့်လာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေများနေတဲ့ မြို့နယ် ၅ မြို့နယ်ဖြစ်တဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် အပြင် မြောက်ဦးကိုပါ INGOs အဖွဲ့တွေ သွားရောက်ခွင့်မရပဲ ပိတ်ပင် ကန့်သတ်မှုတွေခံနေရကြောင်း၊ ဒီဒေသတွေရဲ့ အခြေအနေဟာ တခုနဲ့တခု မတူကြတဲ့အတွက် ဒေသအားလုံးအတွက် တပြေးညီ ကန့်သတ်မှုတွေမလုပ်ပဲ လိုက်လျော ညီထွေတဲ့ သွားလာခွင့်တွေပေးဖို့လည်း Save the Children နဲ့ World Vision အပါအဝင် INGOs အဖွဲ့ ၁၆ ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပဋိပက္ခဖြစ်ပွားရာ နေရာတွေမှာ နေထိုင်သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ သန့်ရှင်းရေ ရရှိရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အပြင် အသက်မွေးဝမ်းကျောင်းအစီစဉ်တွေ စိုက်ပျိုးရေးဆိုင်ရာ အကူအညီတွေလို ဖွံ့ဖြိုးရေးလုပ်ဆောင်မှုတွေ ရပ်နားထားရတာနဲ့ တိုက်ပွဲတွေကြောင့် ကျန်းမာရေးနဲ့ စားနပ်ရိက္ခာဆိုင်ရာမှာပါ ဆိုးကျိုးတွေ သက်ရောက်စေတယ်လို့ ဖေါ်ပြထားပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က မတ်လ၂၁ ရက်နေ့မှာ AA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ ကြပေမယ့်လည်း ရခိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိနေတာဖြစ်ပါတယ်။