စစ်မှုထမ်းဟောင်းတဦးနဲ့ အရပ်သားတဦး AA ဖမ်းဆီးဟု မြန်မာစစ်တပ်ထုတ်ပြန်

AA တပ်ဖွဲ့ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ စစ်မှုထမ်းဟောင်း တဦး အပါဝင် အရပ်သား တဦးကို ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။ အနားယူထားတဲ့ စစ်မှုထမ်းဟောင်းကို ဖမ်းဆီးတာမဖြစ်သင့်သလို မိမိအဖွဲ့ကိုဆန့်ကျင်သူတွေကို ဖမ်းဆီးတာဟာ အာဏာ တည်ဆောက်နေတာလို့လည်း တပ်မတော်ဘက်က ဆိုပါတယ်။ တပ်မတော်ရဲ့စွပ်စွဲချက်အပေါ် AA တာဝန်ရှိသူတွေက ငြင်းဆန်ထားပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ဒီကနေ့ တိုက်ပွဲဖြစ်တဲ့သတင်း တွေ မရှိပေမယ့်လည်း အဲဒီ စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ဒေသခံပြည်သူတွေ ဆက်လက် ရင်ဆိုင်နေကြရဆဲပါ။

မြောက်ဦးမြို့နယ် သရက်အုပ်ကျေးရွာနေ စစ်မှုထမ်းဟောင်း တဦးဖြစ်သူ ဦးဘိုနီကို အရပ်ဝတ် AA အဖွဲ့ဝင် ၅ ဦး ကနေ အောက်တိုဘာ ၂၆ ရက်နေ့ညမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အနားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေ ဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။။

“ကျနော်တို့ စစ်မှုထမ်းဟောင်းဆိုတာဗျာ တပ်မတော်မှာ အကြောင်းအမျိုးမျိုး တာဝန်ထမ်းဆောင်ပြီးတော့မှ အရပ်ဘက်မှာ သူမိသားစုနဲ့အတူ အေးအေးဆေးဆေးနေနေတာပဲ။ အဲတာကို ရွာထဲရပ်ထဲမှာ ဖမ်းသွားတယ်ဆိုတာက ဒါကတော့ မဖြစ်သင့်တော့ဘူးဗျာ။”

အခုချိန်ထိ ဦးဘိုနီရဲ့သတင်းအစအန မကြားသေးဘူးလို့ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က ပြောပါတယ်။

“ဖမ်းဆီးတာတော့ ကျနော်တို့လည်းသိတယ်။ နောက်ဆက်တွဲ အခြေအနေကတော့ ကျနော်တို့လည်း မသိရသေးဘူး။”

ဦးဘိုနီဟာ တပ်ကြပ်ကြီးအဆင့်နဲ့ အငြိမ်းစားယူခဲ့သူ တယောက်လို့ တပ်မတော်သတင်းမှာ ဖေါ်ပြထားပါတယ်။

အလားတူ အောက်တိုဘာ ၂၈ ရက်နေ့က မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာနေ ဦးထွန်းမင်းသိန်းဟာလည်း ပြိုင်းချောင်းကျေးရွာသွား ကားလမ်းပေါ်မှာ AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တပ်မတော်သတင်းမှာ ဖေါ်ပြပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ဒီလိုအရပ်သားတွေ ဖမ်းဆီးတဲ့ လုပ်ရပ်အပေါ် အခုလိုပြောပါတယ်။

“ဘာမှမဟုတ်တဲ့ အရပ်သားတွေဆိုလို့ရှိရင် ခေါင်းစဉ်အမျိုးမျိုး တပ်တယ်။ တပ်မတော်သတင်းပေး တပ်မတော်ရဲ့ အမာခံ ငါတို့ရဲ့လုပ်ရပ်ကို ဆန့်ကျင်တယ်။ ငါတို့ရဲ့ရက္ခိတလမ်းစဉ်ကို ဆန့်ကျင်တယ်။ အဲဒီလိုဆန့်ကျင်တဲ့ကောင်တွေ မှန်သမျှ ဒီလိုအသေဆိုးနဲ့ သေရမယ်။ ဒီလိုအာဃာတတွေနဲ့ အကြောက်တရားဖြစ်လာအောင် အာဏာတည် ဆောက်တာပဲဒါ။"

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်နယ်စပ် အောက်သဲမဝကျေးရွာအုပ်စု ပွီဝုန်းကျေးရွာမှာလည်း အောက်တိုဘာ ၂၇ရက်နေ့မှာ ပညာရေးအထွေထွေ ဝန်ထမ်း တဦး ဖမ်းဆီးခြင်းခံထားရပါတယ်။ အဖမ်းခံရသူ ပညာရေးအထွေထွေဝန်ထမ်း ဦးတောင်ပန်းရဲ့ မိသားစုဝင်တဦးက အခုချိန်ထိသတင်းအစအန မကြားရသေးဘူးလို့ ပြောပါတယ်။

“အခြေအနေက တခုမှလည်း မကြားပါ သတင်းက။ အခုဆိုရင် ၄ ရက်ရှိပါပြီ… ၂၇ နေ့ကပါ။ ဘာဖြစ်လို့ ဖမ်းထားတာလည်းဆိုတာ မသိရပါ။ အဖွဲ့အစည်းတို့က ရခိုင်ဘက်ကလို့ ဆိုပါတယ်။ မိသားစုတွေကတော့ အခုပလက်ဝမှာနေပါတယ်။ စိုးရိမ်လို့ပါ။”

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ ဒေသခံရွာသားတွေ ပျောက်ဆုံးနေတာ ၁၅ ယောက်ရှိပြီလို့ ချင်းလူ့အခွင့်ရေးအဖွဲ့ CHRO က ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကရော ဒေသခံတွေကပါ AA အဖွဲ့က ဖမ်းဆီးမှုတွေရှိခဲ့ကြောင်း ပြောပေမဲ့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ သူတို့အဖွဲ့ဖမ်းဆီးမှုတွေ မလုပ်ကြောင်းငြင်းဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ အဲဒီလိုမျိုး ဖမ်းဆီးတာတော့ မရှိဘူးဗျ။ သူတို့ပြောတဲ့ စစ်မှုထမ်းဟောင်းကို ဖမ်းဆီးတာရော နောက်ဒီမင်းပြားဘက်က ကိစ္စရော အဲဒီလိုမျိုး ဖမ်းဆီးတာတော့ မရှိဘူးဗျနော်။ အဲဒီလိုအရပ်ဝတ်တွေနဲ့ ဘာတွေနဲ့သွားပြီး အဲဒီလို လူမသိ၊ သူမသိဖမ်းတာမျိုးလည်း ကျနော်တို့ဘက်က ဘယ်တော့မှ မလုပ်ဘူး။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမှာ အရပ်သားတွေအပေါ် သူ့ဘက်ကိုယ့်ဘက် သံသယနဲ့ ဖမ်းဆီးမှု အရေးယူသတ်ဖြတ်မှုတွေကလည်း ပိုမိုဖြစ်ပွားနေပါတယ်။

လက်ရှိ ရခိုင်မြောက်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း အရပ်သားသေဆုံးမှု ၉၀ ခန့် ဒဏ်ရာရသူ၁၂၀ကျော်နဲ့ အဖမ်းဆီးခံရသူ ၂၀၀ နီးပါး ရှိနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

Your browser doesn’t support HTML5

စစ်မှုထမ်းဟောင်းတဦးနဲ့ အရပ်သားတဦး AA ဖမ်းဆီးဟု မြန်မာစစ်တပ်ထုတ်ပြန်

[Unicode Version]

















