ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး

မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတိုက်မှာ ခိုလှုံနေကြတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်များရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-အလိုတော်ပြည့်ကျောင်းတိုက်)

ရခိုင်ပြည်နယ် ဂွ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နယ်က တိုင်းစစ်ဌာန ချုပ်ကို AAဘက်က ထိုးစစ်ဆင်နေဆဲဖြစ်သလိုတောင်ကုတ်က လက်ကျန် တပ်စခန်းတွေ ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတာပါ။ ရခိုင်ပြည်နယ် စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တောင်ကိုင်း တောင်ကုတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်ရင်းတပ်စခန်းတွေကို အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ တောင်ကုတ်ဒေသခံ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“တောင်ကုတ်မှာကတော့ တိုက်ပွဲတွေက ရှိနေတယ်။ မြို့ပေါ်တိုက်ပွဲတွေ၊ ဒါပေမယ့် လူနေရပ်ကွက် တွေမှာတော့ မဟုတ်ဘူး။ တပ်ဧရိယာထဲမှာတော့ တိုက်ပွဲတွေရှိတယ်လို့ကြားတယ်၊ အခု ကျနော်ကြား တာတော့ ၅၄၄ တို့၊ ၃၄၆ တို့တော့ရှော့တိုက်ဒုံးတွေနဲ့ပစ်တာရှိတယ်။ ပြီးတော့ စကခ (၅) တပ်မကို အဓိကထား တိုက်နေတယ်လို့ကြားတယ်။”

တောင်ကုတ်မြို့နယ်က စစ်ကောင်စီရဲ့ လက်နက်ကြီးတွေတပ်တွေနဲ့ တခြား တပ်စခန်းတော်တော်များ များကို အာရက္ခတပ်တော် AA ဘက်က သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကုတ် မြို့နယ်မှာ စစ်ကောင်စီရဲ့ စကခ(၅) အပါအဝင် ခမရ ၅၄၄၊ ခမရ ၃၄၆ စတဲ့ တပ်ရင်း တပ်စခန်း ၃ ခုသာ ကျန်ပါတော့တယ်။ စစ်ကောင်စီဘက်ကတော့ဒီရက်ပိုင်းအတွင်း တောင်ကုတ်မြို့ပေါ်က မြို့မရဲစခန်းကို လေကြောင်း ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးအများအပြား ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေ ကပြောပါတယ်။

မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း AAသိမ်းပိုက်ထားတဲ့ သံတွဲမြို့နယ်ထဲက သစ်ငုတ်တိုကျေးရွာကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တဦး သေဆုံးပြီးတော့ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း တောင်ကုတ်ဒေသခံ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“သံတွဲမှာက ၂၄ ရက်နေ့ကနေပြီးတော့ သံတွဲမြို့နယ် သစ်ငုတ်တိုရွာကိုဗုံးကြဲတယ်လို့ကြားတယ်။ အဲဒီမှာ သံတွဲမြို့နယ်သပြုချိုင်ရွာက စစ်ဘေးရှောင်လာတဲ့ အသက် ၁၆ နှစ်ဝန်းကျင်ရှိတဲ့ ကောင်လေး တယောက် ဗုံးစထိပြီတော့ဆုံးတယ်လို့ကြားတယ်။”

အာရက္ခတပ်တော် AA အနေနဲ့ ဂွမြို့နယ်မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ လနဲ့ချီနေပါပြီ။ လက်ရှိမှာတော့ တိုက်ပွဲတွေဟာ ဂွမြို့နားအထိရောက်လာနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သူကဆက်ပြောပါတယ်။

“ဂွမြို့နယ်မှာလည်း တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်။ ဆတ်သွား တံတားထိပ်တွေ ရွာတွေမှာ ရှိတဲ့ တပ်စခန်းတွေကိုတော့ အာရက္ခတပ်တော် AA ဘက်က... အခုသူတို့က တပ်ဆုတ်လာ တော့ ဂွမြို့နယ်ထဲကို ရောက်သွားပြီ။ အာရက္ခတပ်တော် AA ထိုးစစ်ဟာလည်း ဂွမြို့အနီးကို ရောက်သွားပြီလို့ ပြောလို့ရတယ်။ တိုက်ပွဲကလည်းပြင်းထန်နေတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ဧရာဝတီဘက်က ဆင်းလာတဲ့ ရေတပ်သင်္ဘော ၄ စီးလောက် ရောက်တယ်လို့ပြောတယ်။ အဲဒီသင်္ဘောတွေက ပင်လယ်ပြင်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ ရှိတယ်လို့ လည်းကြားသိရတယ်။”

ဒါ့အပြင် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း AA ဘက်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်က လေကြောင်းကနေ အပြင်းအထန်ခုခံနေတာလည်းဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ မကွေးဘက်ကနေ အမ်းမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အမ်းမြို့နဲ့ နှစ်မိုင်လောက်အကွာမှာ AAဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့လည်း အမ်းဒေသခံ တဦးက ရခိုင်ဘာသာနဲ့ အခုလိုပြောပါတယ်။

“ကျနော်သိရသလောက် မနေ့ကဖြစ်တဲ့ တိုက်ပွဲတွေတောင် မရပ်တန့်သေးသလို အခုထိ တိုင်းဌာနချုပ်ကိုတောက်လျှောက်ပစ်နေကြတယ်။ ရခိုင့်တပ်တော်နဲ့ ပူးပေါင်းတပ်တွေက တောက်လျှောက်ပစ်နေတာ။ နောက်ပြီးတော့လဒ်ကိုရိုးမှာလည်း ဝိုင်းပြီးတော့ တိုက်နေတာ။ မကွေးဘက်က လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲကတော့ ပြင်းထန်နေတယ်။”

အာရက္ခတပ်တော် AAဘက်ကတော့ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီတပ်စခန်းတော်တော်များများကို သိမ်းပိုက်ထားပြီး ဖြစ်သလို အဲဒီမြို့တွေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ပြောထားပါတယ်။ လက်ရှိမှာတော့ ရခိုင်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AA နဲ့စစ်ကောင်စီနှစ်ဘက်စလုံးက သတင်းတစုံတရာ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

Your browser doesn’t support HTML5

 ရခိုင်ပြည်နယ် တိုက်ပွဲတွေအတွင်း ဒေသခံတချို့ ထိခိုက်သေဆုံး