မောင်တောမှာ ညမထွက်ရ အချိန်ကန့်သတ်ချက် လျှော့ချ

မြန်မာ-ဘင်္ဂလားနယ်စပ် မောင်တောမြို့နယ်တွင်းက နယ်စပ်လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (အောက်တိုဘာ ၁၆-၂၀၁၆)

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု နောက်ပိုင်း ကတည်းက ထုတ်ပြန်ထားတဲ့ နေဝင်မီးငြိမ်း အမိန့်ကို အာဏာပိုင်တွေက လျှော့ပေးလိုက်ပါတယ်။ မောင်တောမြို့နယ်မှာ အရင်ထက်စာရင် အခြေအနေတွေ တိုးတက်လာနေတဲ့အတွက် လျှော့ပေါ့ဖို့ ဆုံးဖြတ်ခဲ့ တာလို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်က နယ်ခြားစောင့်ရဲစခန်းတွေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့မှာ မူဆလင်အစွန်းရောက်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၉ ဦးသေဆုံးခဲ့ရချိန်ကစလို့ မောင်တောခရိုင်မှာ ည ၇ နာရီကနေ မနက် ၆ နာရီထိ နေဝင်မီးငြိမ်း ကာဖျူး အမိန့် ထုတ်ပြန်ခဲ့ပြီး၊ ရဲနဲ့စစ်တပ် ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာပါ။ ၄ လလောက်ကြာလာတဲ့ အခုအချိန်မှာ မောင်တော ခရိုင်အတွင်း အခြေအနေတွေ တည်ငြိမ်လာပြီမို့ ကာဖျူးအမိန့်ကို ည ၉ နာရီကနေ မနက် ၅ နာရီအထိ ပြောင်းလဲလျှော့ချလိုက်ကြောင်း မောင်တောမြို့နယ် ရဲမှူး ကျော်မြဝင်းက VOA ကိုပြောပါတယ်။

“ကျနော်တို့ ည ၉ နာရီကနေ နောက်နေ့မနက် ၅ နာရီထိ အာရုံတက်ချိန်ထိပေါ့။ လောလောဆယ် မောင်တောမြို့နယ်ထဲမှာရှိတဲ့ ရွာတွေ အကျုံးဝင် တာပေ့ါ။ အဲဒါကဟိုဟာပေါ့ ဒေသက အရင်ကထက်ပိုပြီးတော့ တည်ငြိမ်အေးချမ်း လာတဲ့အတွက် အချိန်လျှော့လိုက်တဲ့ သဘောပါ ”

အခုတော့ မောင်တောမှာ အရောင်းအဝယ်အတွက် ပုံမှန်အတိုင်း အသွားအလာတွေ ရှိနေတယ်ဆိုပေမယ့် တိုက်ခိုက်မှုကြုံလာရမှာကိုတော့ စိုးရိမ်နေရ ဆဲပဲလို့မောင်တောမြို့ခံ ကိုကျော်ကျော်က ပြောပါတယ်။

“ ကာဖျူးရုပ်လိုက်တော့ကာ သွားရလာရ အဆင်ပြေပါတယ်။ ဈေးသွား ဝယ်တာ ရောင်းဝယ်တာတို့ဘာတို့ အဆင်ပြေပါတယ်။ ရှာတယ် လုပ်တယ် စားတယ်။ စိုးတော့ စိုးရိမ်နေရသေးတယ်။ သွားလို့ရတာကတော့ အဆင်ပြေပါတယ် အခုအချိန်မှာတော့ကာ …။”

မောင်တောမြို့မှာ လုံခြုံရေးကို ပုံမှန်ချထားပြီး မြို့ပေါ်တဝိုက်မှာ အရင်လို နယ်မြေရှင်းလင်းရေး စစ်ဆင်မှုတွေ မရှိတော့ဘူး လို့ မောင်တောမြို့နယ်ရဲမှူး ကျော်မြဝင်းက ပြောပါတယ်။

“ လုံခြုံရေးကတော့ ဒါ ပုံမှန်အတိုင်းပါပဲ။ (ကာဖ ျူး) အချိန်ကို လျှော့တာပဲ ဖြစ်ပါတယ်။ အချိန်လျှော့လိုက်တဲ့အတွက် လွတ်လွတ်လပ်လပ် သတ်မှတ်တဲ့ ဘောင်အတွင်းက အချိန်ပိုပြီး ရသွားတာပေါ့နော့။ ဖြစ်ခါစမှာရှိတယ် နောက်ပိုင်းတော့ နယ်မြေရှင်းလင်းရေးက မောင်တောနယ်က ကျယ်တဲ့အတွက် ရှင်းလင်းရေး ဆက်လုပ်နေတယ် မကြားမိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က မြို့ပေါ် ၄ရပ်ကွက်ပိုင်တော့လေ မြို့အစွန်ဖက်တွေမှာတော့ ကျနော်တို့ မသိနိုင်ဘူး ”

မောင်တောခရိုင်အတွင်း ကျေးရွာပေါင်း ၃၇၉ ရွာလောက်ရှိပြီး လုံခြုံရေးဂိတ်တွေကို ၃ မိုင်အကွာ၊ ဒါမှမဟုတ် ၅ မိုင်အကွာမှာတဂိတ်ချထားပေမယ့် သွားလာလှုပ်ရှားမှုတွေကို ထိခိုက်လောက်တဲ့ အခြေအနေတော့ မရှိဘူးလို့လည်း ဒေသခံ ကိုကျော်ကျော်က ပြောပါတယ်။

“ လုံခြုံရေး ချထားတာကတော့ ဂိတ်တွေအကွာက ၃မိုင်လောက်အကွာမှာ တဂိတ်၊ ၅ မိုင်လောက်အကွာမှာတဂိတ် အဲလိုမျိုးချထားတာ ရှိတယ်။ သူတို့က ဘာမှတော့ ပြဿနာ ရှာတာတော့မရှိဘူး။ အကုန်လုံး ချထားတာပါပဲ။ အကာကွယ်ပေးတာက တနေရာ ခရီးသွားနေကြတာက တနေရာ .. အဲလိုဖြစ်နေ တာမျိုးလဲရှိတယ်”

မောင်တောခရိုင် နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက် ခံရပြီးနောက်ပိုင်း စစ်တပ်နဲ့ ရဲလုံခြုံရေးကနယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ စွပ်စွဲချက်ထွက်ပေါ် လာပြီး နောက်မှာ - အဲဒီကိစ္စတွေကို ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်က ပြန်လည်စုံစမ်းသွားဖို့ရှိသလို၊ တပ်မတော်ဖက်ကလည်း စိစစ်တာတွေ လုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မောင်တောမှာ ညမထွက်ရ အချိန်ကန့်သတ်ချက် လျှော့ချ