စစ်ရေးလမ်းစဉ်စွန့်ဖို့ စစ်ကောင်စီ ကမ်းလှမ်းချက်အပေါ် တုံ့ပြန်ချက်များ

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၃၊ ၂၀၂၄)

လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပြီး နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ ယုံကြည်စိတ်ချလို့ မရတဲ့အကြောင်းနဲ့ လက်ခံဖို့ မရှိတဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က တုံ့ပြန်ပါတယ်။ စစ်တပ်နဲ့ မျှတတဲ့ ငြိမ်းချမ်း မရနိုင်ဘူးလို့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း တုံ့ပြန်နေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ သူ့အဆို အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တွေနဲ့ PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီထောင်၊ ရွေးကောက်ပွဲဝင်ကြဖို့နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ကမ်းလှမ်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ကတိစကားကိုယုံကြည်ဖို့ခက်တာမို့ ဒီကမ်းလှမ်းမှုက လက်ခံနိုင်စရာ မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အခုလိုတုံ့ပြန်ပါတယ်။

"စစ်အာဏာရှင်အဆက်ဆက်က ဘယ်တုန်းကမှကတိတည်တာမရှိဘူး။ သူတို့နဲ့သဘောတူညီချက်ရပြီးရင်လက်နဲ့ရေးပြီးခြေနဲ့ဖျက်တဲ့ အကျင့်သူတို့မှာရှိတယ်။ ခုဆိုလည်းမြန်မာနိုင်ငံအနှံမှာတော်လှန်ရေးအင်အားစုတွေကအသာစီးရနေတယ်။ စစ်ကောင်စီကသူတို့အရှုံးကိုလက်မခံသေးဘဲနဲ့ လိမ်လည်လှည့်ဖျားပြီးတော့ စ ကားဝိုင်းဆိုတာနဲ့သူတို့ အာရုဲလှည့်ဖို့ကြိုးစားတယ်။ သွေးကွဲအောင် လုပ်ပြီးလိမ်လည်လှည့်ဖျားချက်တခုသာဖြစ်တယ်။ တကယ်သာနိုင်ငံရေးဆွေးနွေးမယ်ဆို သူတို့အရပ်သားပြည်သူတွေအပေါ်မှာ အကြမ်းဖက်မှု လုပ်နေတာကို ချက်ချင်းလက်ငင်း ရပ်စဲရမှာဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ်ယူနီယံတည်ထောင်ဖို့ တော်လှန်ရေးအင်အားစုတွေ ကြိုးစားနေကြတာဖြစ်တယ်။ ဒီပန်းတိုင်ရောက်အောင် ဆက်လက်ဆောင်ရွက်သွားမှာပါ"

SEE ALSO: ဘာလဲ ဘယ်လဲ ရွေးကောက်ပွဲ

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကြီးကြပ် ကွပ်ကဲနေတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးမောင်မောင်ဆွေကလည်း စစ်ကောင်စီရဲ့ကမ်းလှမ်းမှုအပေါ် အခုလို တုံ့ပြန်ပါတယ်။

"အနှစ် ၇၀ လုံးလုံး ပြည်သူအပေါ် ယုတ်မာကောက်ကျစ် အနိုင်ကျင့် ပြည်သူအပေါ်ဆိုးဆိုးဝါးဝါးအုပ်ချုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီစစ်တပ်ကို ဘယ်ပြည်သူကမှ ယုံကြည်မှုမရှိတော့ပါဘူး။ ကျနော်တို့အနေနဲ့ကျနော်တို့ရည်ရွယ်ထားတဲ့ အောင်ပွဲရတဲ့အထိကို ဆက်လက်ပြီးတော့ နွေဦးတော်လှန်ရေးကိုဆင်နွှဲသွားဖို့ရှိတယ် လို့ပြောချင်ပါတယ်။"

စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တရားမျှတမှု လည်းမရှိနိုင်သလို ငြိမ်းချမ်းရေးကိုလည်းဖော်ဆောင်လို့မရနိုင်တာမို့ စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုကို အဖွဲ့ အနေနဲ့ စိတ်မဝင်စားဘူးလို့ ဗွီအိုအေ မေးမြန်းမှုကို စာနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ကန့်ဘလူတောင်ပိုင်း PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီက အခုလို ကမ်းလှမ်းပေမဲ့ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေဟာ အလွန်ပြင်းထန်နေတာကြောင့် လုံး၀ လက်သင့်ခံလို့ မရဘူးလို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"ကျနော်တို့ဒီဘက်ဒေသကတော့ လောလောဆယ်အနေအထားမှာတော့လုံးဝလက်သင့်ခံလို့မရသေးဘူး။ ကန့်ဘလူမှာသူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေ ပြည်သူ အပေါ်မှာနှိပ်စက်ထားတာတွေ အဲဒါတွေကသည်းခံနိုင်စရာအကြောင်းမရှိဘူး။ သူတို့ကမ်းလှမ်းတာကိုဒီဘက်ဂွင်အနေနဲ့ လက်သင့်ခံလို့မရဘူးလုံးဝလက်သင့်ခံ လို့မရဘူး။"

၂၀၂၁ ဖေဖော်ဝါရီမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အာဏာ သိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်မှာ နိုင်ငံတဝန်း စစ်ကောင်စီအပေါ် လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပေါ်လာခဲ့ပြီး PDF ပြည်သူ ကာကွယ် ရေးတပ်ဖွဲ့တွေ ဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ PDF အဖွဲ့တချို့နဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တချို့ ပူးပေါင်းစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ စစ်ဌာနချုပ်တွေအပြင် မြို့တွေကိုပါ စစ်ကောင်စီက ဆုံးရှုံးခဲ့ပါတယ်။

အခုလို အခြေအနေမှာ စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေသူတွေကို လက်နက်စွန်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ စစ်ကောင်စီဘက်က ကမ်းလှမ်းလာတာဖြစ်ပါတယ်။ ကမ်းလှမ်းတဲ့ ထုတ်ပြန်ချက်မှာ NUB အမျိုးသားညီညွတ်ရေး အစိုးရအကြောင်းထည့်မထားပေမဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကိုရော NUG လက်အောက်ခံမဟုတ်တဲ့ PDF တပ်ဖွဲ့တွေပါ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တာဟာ ပထမဆုံးဖြစ်ပါတယ်။ အရင်ကတော့ ဒီအဖွဲ့တွေကို အသိအမှတ် မပြုကြောင်းနဲ့ အမြစ်ဖြတ်ချေမှုန်းမယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောထားဖူးပါတယ်။

Your browser doesn’t support HTML5

စစ်ရေးလမ်းစဉ်စွန့်ဖို့ စစ်ကောင်စီ ကမ်းလှမ်းချက်အပေါ် တုံ့ပြန်ချက်များ