ကချင်စစ်ရှိန်မြင့်မှု ဒုက္ခသည်အရေး စိုးရိမ်ရ

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ကချင်စစ်ပြေးဒုက္ခသည်စခန်းတွင်းက ကလေးငယ် ( ဇန်နဝါရီ ၄၊ ၂၀၁၃)။

မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေရဲ့ အသက် အိုးအိမ်စည်းစိမ်လုံခြုံမှု ကင်းမဲ့လာနေသလို အေးလွန်းတဲ့ ရာသီဥတုဒဏ်ခံနေရတဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေထိုင်မှုအခက်အခဲတွေ ပိုပြီ အထူးစိုးရိမ်စရာ အနေအထားဖြစ်လာနေတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ ဒါကြောင့် ဒေသတွင်း ငြိမ်းချမ်းမှုရှိအောင် ကချင်ဒုက္ခသည်စခန်းတွေနားအထိ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ စစ်အင်အား တိုးချဲ့ချထားမှုတွေကို ရပ်တန့်ပစ်ဖို့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့ကလည်း တောင်းဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ကချင်စစ်သင်တန်းကျောင်းပေါ် မြန်မာစစ်တပ်ဘက်က လက်နက်ကြီးကျပြီး ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်တိုက်ခတ်မှုကစလို့ နိုဝင်ဘာ ၂၃ ရက်၊ ၂၄ ရက်တွေမှာလည်း မြန်မာအစိုးရတပ်ဘက်က လိုင်ဇာနဲ့မိုင်ဂျာယန် တလျှောက် လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တလျောက်မှာရှိတဲ့ ဒုက္ခသည် သောင်းချီနေထိုင်ရာ ဂျေယာန်ဒုက္ခသည်စခန်း၊ ဖွမ်လုံယာန်ဒုက္ခသည်စခန်းနဲ့ လိုင်ဇာနယ်မြေထဲအထိ လက်နက်ကြီး ပစ်ခတ်မှုတွေရှိတဲ့ အတွက် ကချင်စစ်ပြေး ဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေ ပိုတိုးလာနေတာဖြစ်ပါတယ်။ ကချင်ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါ်မေရီတွမ်က ကချင်စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျမတို့ကြည့်နေတဲ့ ဒီဒုက္ခသည်စခန်းအနီးမှာတော့ ၂၂၊ ၂၃ ကိုပေါ့လေ၊ ဒုက္ခသည်စခန်းနဲ့ တစ်မိုင်ပတ်လည်အကွာမှာကို သူက ကျတာပေါ့ နော်။ ကျတယ်ဆိုတော့ ဒုက္ခသည်တွေအနေနဲ့ တော်တော်စိုးရိမ်မှုရှိတာပေါ့နော်။ စခန်းနဲ့နီးတဲ့နေရာကျတယ်ဆိုတော့ ထိတ်လန့် ကြောက်လန့်မှုရှိတယ်။ လုံခြုံရေးအနေနဲ့လည်း ကျမတို့လည်း ပူပန်မှုရှိတယ်။ ဒီလိုသာ ဆက်ပြီးပစ်နေမယ်ဆိုရင် ပြောလို့မရဘူးပေါ့လေ၊ နော်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။”

ဒုက္ခသည်တွေအတွက် ရန်ပုံငွေ မလုံလောက်လို့ ကုလသမဂ္ဂကပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း နိုဝင်ဘာ လဆန်းကစလို့ လျှော့ချဖို့ အစီအစဉ်ရှိသလို အခုလို ဒေသတွင်း စစ်ရေးတင်းမာနေတဲ့အတွက်လည်း လမ်းကြောင်း ပိတ်ဆို့မှုတွေဖြစ်နေလို့ ဒုက္ခသည်စခန်းတွေအထိ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ ရောက်လာဖို့ အခက်အခဲတွေဖြစ်နေတယ်လို့လည်း ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေါ်မေရီတွမ်က ပြောပါတယ်။

“နံပါတ်တစ်အချက်ကတော့ ရာသီဥတုက အရမ်းအေးပါတယ်။ အရမ်းအေးတော့ ဆောင်းတွင်းပိုင်း ကလေးတွေအတွက် စောင်တွေ၊ အနွေးထည်တွေလိုတယ်ဆိုပြီးကျမတို့ ပြောတာတွေလည်း အများကြီးရှိတယ်ပေါ့။ နောက်တခုအနေနဲ့ အရေးအကြီးဆုံးအချက်ကတော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာကိုတောင်မှ UN convoy က နိုဝင်ဘာ (၇) နေ့မှာဆိုပြီး သူတို့ပြောတယ်။ ဒါပေမယ့် နောက်တော့ ပြန် postpone လုပ်လိုက်တယ်လို့ ပြောတယ်။ နောက်ဆုံး ဒုတိယအကြိမ်အနေနဲ့ကတော့ သူတို့က ဒီဘက်မှာ လကုန် (၃၀) မှာ ပြန်ပြီးမှ လာပါမယ်ဆိုပြီး ကျမတို့ကို အကြောင်းကြားပါတယ်။ ဒါပေမယ့်လည်း တနေ့ကပဲ ကျမတို့က စာပြန်ရတယ်။ UN Convoy ကလည်း ပြန်မရောက်လာနိုင်တော့ဘူးပေါ့လေ။ အဲဒီအခါကျတော့ လိုင်ဇာပတ်ဝန်းကျင်ဘက်မှာ food shortage ဖြစ်နေပြီလို့ ကျမတို့ပြောလို့ရတယ်။ ပေးထားတာကလည်း နိုဝင်ဘာ၊ ဒီဇင်ဘာမှာ 80% ပဲ သူတို့ကပေးထားတဲ့အခါကျတော့ တော်တော်လေး အစားအသောက် မလောက်ဘဲ ဒုက္ခရောက်နေတယ်။ အခုလည်း အချိန်မီမရောက်ဘူးဆိုတဲ့အခါကျတော့ ဒုက္ခသည်တွေမှာ အစားအသောက်နဲ့ပတ်သက်ပြီး တော်တော်အခက်အခဲဖြစ်နေပါတယ်။ ကျန်းမာရေးပိုင်းလည်း ဒီလိုပဲပေါ့နော်၊ အဓိက-ကတော့ စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး ထိခိုက်နေတယ်ပေါ့နော်။”

ဒါကြောင့်မို့လို့ ကချင်ဒုက္ခသည်စခန်းတွေအပါအဝင် တောတောင်တွေထဲအထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအရေးဟာ အထူး စိုးရိမ်စရာ အနေအထားမှာ ရှိလာနေတာပါ။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) အနေနဲ့ ဒေသတွင်းတည်ငြိမ်မှုနဲ့ ပြည်သူတွေအတွက် လုံခြုံစိတ်ချမှုရှိအောင် ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေးစေလိုပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်စေချင်ပါတယ်လို့ တောင်းဆိုထား ပါတယ်။ လူထုအခြေပြု မဟာမိတ် အဖွဲ့ဝင်လည်းဖြစ်တဲ့ ကချင်အမျိုးသမီး အစည်းအရုံး လက်ထောက်အတွင်းရေးမှူး ဂျေစီကာ အင်ခွမ် ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်ပါတယ်လို့ ပြောပါတယ်။

“အထူးသဖြင့်က KIA နဲ့ မြန်မာအစိုးရနဲ့ သူတို့ ဆွေးနွေးပွဲလုပ်တဲ့အခါမှာ အမြဲတမ်း နှစ်ဦးနှစ်ဘက် စစ်လျှော့ချရေးပေါ့နော် လုပ်မယ်။ တတ်နိုင်သလောက် ဆွေးနွေးမယ်ဆိုပြီးမှ အဲလိုမျိုးတွေ ပြောတယ်။ အဲဒီအချိန်မှာ အစိုးရဘက်ကနေပြီးမှ သတင်းမှာမထွက်တဲ့ တိုက်ပွဲ အသေးလေးတွေလည်း ခန ခန ဖြစ်တယ်။ ကတိမတည်ဘဲနဲ့ အဲလို ချိုးဖောက်နေတဲ့အခါမှာကျတော့ ကျမတို့ ကချင်ထုအနေနဲ့ရော၊ တိုင်းရင်းသားလူထု အကုန်လုံးအနေနဲ့ရော ကိုယ့်ရဲ့အစိုးရအပေါ်မှာ ဘယ်လိုမျိုး ယုံကြည်စိတ်ချမှုရှိပြီးမှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး ရနိုင်မလဲဆိုတာ အရမ်းစိုးရိမ်ပူပန်တယ်။ ပြီးလို့ရှိရင် ငြိမ်းချမ်းရေးကလည်း မငြိမ်းချမ်းနိုင်သေးဘူး၊ အချိန်ပြည့် ခန ခန ဟိုမှာဖြစ်လိုက်၊ ဒီမှာဖြစ်လိုက်၊ စစ်ပွဲတွေဖြစ်လိုက်၊ ပဋိပက္ခဖြစ်လိုက်နဲ့ အဲလိုမျိုး ဖြစ်နေတဲ့အခါကျတော့ IDP တွေကလည်း ပိုပို များများလာတယ်။ လူ့အခွင့်အရေးတွေကလည်း ချိုးဖောက်မှု ပိုများလာတဲ့အခါ ငြိမ်းချမ်းရေးအတွက် အရမ်းကို စိုးရိမ်ပူပန်မှုရှိတဲ့အတွက်ကြောင့်မို့လို့ ဒီ Statement ကို ထုတ်ရခြင်းဖြစ်တယ်လို့ ပြောချင်တယ်။”

အခုလို ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ ကချင်ပြည်နယ် လိုင်ဇာနဲ့ ဗန်းမော်ြမို့တွေ အနီးအနားကို မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုတွေ ပိုလုပ်ဆောင်လာတဲ့အပေါ် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တည်ငြိမ်ရေးအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ကချင်ပြည်နယ်လူထုအခြေပြုအဖွဲ့ (၁၅) ဖွဲ့ပါဝင်တဲ့ ကချင်ပြည်နယ် လူထုအခြေပြုမဟာမိတ်အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ရှိန်တိုး လုပ်ဆောင်နေတာကို ရပ်တန့်ဖို့နဲ့ ထိုးစစ်တွေကို ချက်ခြင်းရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။