ရီပတ်ဘလီကန်ပါတီညီလာခံ​ ပထမနေ့

အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ကျင်းပနေတဲ့ ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ (ဇူလိုင် ၁၅၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ ကျင်းပနေတဲ့ ရီပတ်ဘလီကန်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို မနေ့က သမ္မတဟောင်း Donald Trump ရောက်လာတယ်ဆိုရင်ပဲ သူ့ကို ထောက်ခံသူတွေ ကြိုဆိုခဲ့ကြပါတယ်။

Pennsylvania ပြည်နယ် မဲဆွယ်စည်းရုံးပွဲအတွင်း လုပ်ကြံဖို့ ကြိုးစားခံရပြီး နှစ်ရက်အကြာ စတင်ကျင်းပတဲ့ ညီလာခံ ခန်းမထဲကို Donald Trump ရောက်မလာခင် နာရီပိုင်းအတွင်းကပဲ သူ့ကို ပါတီကိုယ်စားပြု သမ္မလောင်းအဖြစ် တရားဝင် ရွေးချယ် ကြေညာခဲ့ကြပါတယ်။

မနေ့က ညီလာခံမှာ Donald Trump မိန့်ခွန်းပြောကြားတာ မရှိပေမဲ့ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် လက်ခံတဲ့ မိန့်ခွန်းကို ကြာသာပတေးနေ့မှာ ပြောကြားဖို့ စီစဉ်ထားပါတယ်။ သူ့နဲ့အတူ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့ Ohio ပြယ်နယ် အထက်လွှတ်တော်အမတ် J.D. Vance လည်း သူ့ဘေးမှာ အတူတွဲပြီး ပါဝင်ပါတယ်။

Ohio ပြယ်နယ် အထက်လွှတ်တော်အမတ် J.D. Vance

၂၀၁၆ ခုနှစ်ကတည်းက ရီပတ်ဘလီကန်ပါတီအတွင်း အစဉ်အလာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေထက်ကျော်ပြီး ပါတီတွင်း ထောက်ခံမှုကို Donald Trump ရယူခဲ့တာပါ။

သူ ရွေးချယ်ထားတဲ့ ပါတီဥက္ကဋ္ဌ Michael Whatley က ရီပတ်ဘလီကန်ပါတီကို ညီညွတ်တဲ့ ပါတီဖြစ်ဖို့၊ နိုင်ငံကို ညီညွတ်တဲ့ နိုင်ငံဖြစ်ဖို့ တည်ဆောက်ကြဖို့ မနေ့က ညီလာခံ မိန့်ခွန်းမှာ ပြောပါတယ်။ Donald Trump လို ကြံ့ကြံ့ခံတဲ့ စိတ်ဓါတ်နဲ့ တိုင်းပြည်ကို ကြီးမြတ်တဲ့အနာဂတ်ဆီ ဦးဆောင်ကြဖို့လည်း သူက ဆော်ဩသွားပါတယ်။

နယူးဂျာစီပြည်နယ် အထက်လွှတ်တော်အမတ် Michael Testa ကတော့ အခုအချိန်မှာ Trump ကို ထောက်ခံမဲ ပေးခွင့်ရနေတာဟာ ကံတရားက မျက်နှာသာပေးတဲ့ ကျေးဇူးတင်စရာ အကြောင်းအရာတခုအဖြစ် စနေနေ့က ပစ်ခတ်မှုကို ရည်ညွှန်းပြီးပြောဆိုပါတယ်။

Trump ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေက ဒီ ညီလာခံအတွင်းမှာ သိမ်မွေ့နူးညံ့တဲ့ ပြောဆိုချက်တွေ၊ အကောင်းမြင်မျှော်လင့်ချက် မိန့်ခွန်းတွေကို ဦးစားပေးပြီး သဘောထားမတင်းမာတဲ့၊ ထောက်ခံနိုင်ခြေ မဲဆန္ဒရှင်တွေ၊ အသားအရောင်ကွဲလွဲသူတွေကို စည်းရုံးနိုင်ဖို့ ရည်ရွည်ပြီး စီစဉ်ထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

 ရီပတ်ဘလီကန်ပါတီညီလာခံ​ ပထမနေ့