ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး အစ္စရေးဆိုင်ရာမြန်မာသံရုံး စီစဉ်ပေးမည်

(ZAWGYI/UNICODE)

အစ္စရေးလ်နိုင်ငံ Tel Aviv မြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျော်ဒန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ဂျော်ဒန်နိုင်ငံမှာ နိုင်ငံတကာလေဆိပ်ပြန်လည်ဖွင့်လှစ်တဲ့အခါ မြန်မာနိုင်ငံကို ပြန်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ သက်ဆိုင်ရာကုမ္ပဏီက စီစဉ်ပေးမယ့်လေကြောင်းလိုင်းကို မြန်မာအစိုးရက စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်နဲ့ချိတ်ဆက်ထွက်ခွာနိုင်အောင် စီစဉ်ပေးမယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဗွီအိုအေမြန်မာပိုင်းကို အီးမေးလ်ကနေတဆင့် အကြောင်းကြားလိုက်ပါတယ်။

ဂျော်ဒန်နိုင်ငံ Amman မြို့တော်မှာ ရှိတဲ့ နိုင်ငံတကာလေဆိပ် ပြန်လည်ဖွင့်လှစ်တဲ့ သတင်းကို စောင့်ကြည့်နေပြီး စာချုပ်သက်တမ်းပြည့်လို့ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေရဲ့စာရင်းကိုလည်း သက်ဆိုင်ရာ စက်ရုံတွေဆီကနေ တောင်းခံထားပြီးဖြစ်ကြောင်းလည်းဖေါ်ပြပါတယ်။

သက်ဆိုင်ရာကုမ္ပဏီနဲ့ မြန်မာနိုင်ငံက စေလွှတ်တဲ့ အလုပ်သမားအေဂျင်စီအကြား အခုကိစ္စကို ညှိနှိုင်းကြရမှာဖြစ်ကြောင်းနဲ့ နိုင်ငံတော်နဲ့ သံရုံးဘက်က လိုအပ်တဲ့ ကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဗွီအိုအေမြန်မာပိုင်းကို အကြောင်းပြန်ကြားလိုက်တာပါ။

အဓိကကတော့ COVID 19 ကြောင့်သေဆုံးသူ အနည်းဆုံး ၉ဦးနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၁ထောင်ပတ်ဝန်းကျင်ထိ ရှိခဲ့တဲ့ ဂျော်ဒန်နိုင်ငံမှာ ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါရိုက်ခတ်မှုကြောင့် လုပ်ငန်းခွင်တချို့ရပ်နားလိုက်ရချိန် ဂျော်ဒန်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ဒုက္ခရောက်နေကြပြီး မြန်မာပြည်ကို သူတို့ကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြတာပါ။ ဂျော်ဒန်နိုင်ငံနဲ့ မြန်မာအစိုးရကြား တရားဝင်သံတမန်အဆက်အသွယ်မရှိပေမဲ့ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က မြန်မာနိုင်ငံသားတွေအတွက် မူဘောင်အတွင်းကနေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဇွန်လ ၂၆ရက်နေ့က အခုလို အစ္စရေးလ်ဆိုင်ရာ မြန်မာသံရုံးဘက်ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ဂျော်ဒန်နိုင်ငံ Amman မြို့တော် Al Karak ခရိုင်က Camel & Vega ဂျော်ဒန်အထည်ချုပ်စက်ရုံမှာ လွန်ခဲ့တဲ့ ၃လကစလို့ ကိုဗစ် ၁၉ ကြောင့် စက်ရုံပိတ်လိုက်ပြီးတဲ့နောက် မြန်မာအလုပ်သမား တထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိ စားစရာမရှိ အခက်အခဲ ဒုက္ခတွေနဲ့ရင်ဆိုင်နေကြရတဲ့အတွက် အမြန်ဆုံး မြန်မာနိုင်ငံကိုပဲ ပြန်လိုကြတယ်လို့ ဗွီအိုအေကို ပြောဆိုထားကြပါတယ်။ အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ဂျော်ဒန်မှာရှိတဲ့ စက်ရုံတွေက ဝန်ထမ်းရေးရာ တာဝန်ခံတွေ ဧပြီလနဲ့ ဇွန်လတွင်း (၂) ကြိမ် အွန်လိုင်းကနေ ဆွေးနွေးပြီး အလုပ်သမားတွေကို အစားအသောက် လောက်ငှအောင်ကျွေးမွေးဖို့နဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်တွေရဲ့ ကလေးမီးဖွားစရိတ်ကိစ္စတွေအထိ အသေးစိတ် ဆွေးနွေးမှာကြားခဲ့တယ်လို့လည်း သံရုံးကထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ နေရပ်ပြန်ရေး အစ္စရေးဆိုင်ရာမြန်မာသံရုံး စီစဉ်ပေးမည်


(UNICODE)




