ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး UNESCO ဆုရ

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို UNESCO က ချီးမြှင့်တဲ့ Guillermo Cano သတင်းလွတ်လပ်ခွင့်ဆု - UNESCO/Guillermo Cano Press Freedom Prize ဆုကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။ သူတို့ကို အခုနှစ်အတွက် ဒီဆုချီးမြှင့်ဖို့ နိုင်ငံတကာက သတင်းမီဒီယာသမားများအဖွဲ့က အဆိုပြု တင်သွင်းခဲ့တာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ကိစ္စကို စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားနေကြစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ကြရတာပါ။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ မြန်မာနိုင်ငံကို ပြင်ပကမ္ဘာနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အဆက်သွယ် ဖြတ်တောက်ထားခဲ့ရာက ဖောက်ထွင်းနိုင်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ စံပြပုဂ္ဂိုလ် ၂ ဦးဖြစ်ကြောင်း၊ စစ်အစိုးရလက်ထက်မှာ ဘယ်လိုမှ မဖြစ်နိုင်ခဲ့တဲ့ သတင်းမီဒီယာ လုပ်ငန်းကို ရိုးသား ကြိုးစားစွာ လုပ်ကိုင်နေကြသူတွေဖြစ်ကြောင်း၊ သူတို့ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံခဲ့ရကြောင်း၊ သူတို့ရဲ့ သတ္တိပြောင်မြောက်မှု၊ တော်လှန်လိုစိတ်ရှိမှု၊ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်း အားထုတ်မှုတို့ကြောင့် ဒီဆုကိုပေးဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေး ခုံသမာဓိအဖွဲ့ ဥက္ကဋ္ဌ Wojciech Tochman က ပြောပါတယ်။

ဒီ Guillermo Cano သတင်း လွတ်လပ်ခွင့်ဆု ချီးမြင့်ပွဲကို မေလ ၂ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါဟာ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကျင်းပမယ့် အီသီယိုးပီးယားနိုင်ငံမှာ ဆုချီးမြင့်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ လက်ခံ ရရှိမှာဖြစ်ပါတယ်။

ဒီဆုကို အန္တရာယ်တွေကြားမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဖွံ့ဖြိုးအောင် လုပ်ဆောင်သူ ဒါမှမဟုတ် အကာကွယ်ပေးသူတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီဆုဟာ ကိုလံဘီယာနိုင်ငံ Bogota မြို့မှာ ၁၉၈၆ ခုနှစ်က သူ့ရဲ့ သတင်းစာတိုက်ရှေ့မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ကိုလံဘီယာ သတင်းထောက် Guillermo Cano Isaza ကို အစွဲပြုပြီး ချျီးမြှင့်တာလည်း ဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် Pen American အဖွဲ့က ချီးမြှင့်တဲ့ Pen/Barbey Freedom to Write Award ဆု၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk တို့ကို လက်ခံရရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာ အာဏာပိုင်တွေအနေနဲ့ သူတို့ ၂ ဦးကို လွတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီလာ လွတ်လပ်ခွင့် လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

Your browser doesn’t support HTML5

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦး UNESCO ဆုရ