ရခိုင်အကြံပေးအဖွဲ့ကနေ မကျေနပ်မှုကြောင့် အမေရိကန်ဝါရင့်သံတမန်ဟောင်း Bill Richardson နှုတ်ထွက်

Veteran U.S. diplomat Bill Richardson

အမေရိကန်ဝါရင့်သံတမန် Bill Richardson ဟာ ရခိုင်ပဋိပက္ခအရေး အကြံပေးဖို့ မြန်မာအစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ ရိုက်တာ သတင်းဌာနနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာ Richardson က ခုလို ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဖုံးဖိဖို့ ကြိုးစားနေပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှုကင်းမဲ့နေကြောင်း မစ္စတာ Richardson ကစွပ်စွဲလိုက်ပါတယ်။

နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့အပြင် သမ္မတ Bill Clinton အစိုးရဟောင်းလက်ထက်က စွမ်းအင်ဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ Bill Richardson ဟာ အဖွဲ့ဝင် ၁၀ဦးပါ ရခိုင်အကြံပေးအဖွဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ်သွားရောက်တဲ့နေ့မှာ အခုလို နုတ်ထွက်ကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူ့အနေနဲ့ အကြံပေးအဖွဲ့ကနေ နှုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းက အဲဒီအကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဖုံးဖိဖို့ ကြိုးစားနေတဲ့အတွက် သူ့အနေနဲ့ မြန်မာအစိုးရရဲ့ အခုလိုလုပ်ဆောင်မှုမှာ မပါဝင်လိုတဲ့အတွက် ဖြစ်ကြောင်း ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

ဒါအပြင် အခြားအကြံပေးအဖွဲ့ဝင်တွေနဲ့အတူ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မပြေမလည်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူခြင်းခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ အမှုကို သူကထည့်သွင်း တင်ပြခဲ့တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ အခုလို သတင်းထောက်နှစ်ဦးတို့ အမှု တင်ပြချက်ဟာ ရခိုင်အကြံပေးအဖွဲ့ရဲ့ အလုပ်တာဝန်နဲ့ မပတ်သက်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒေါသနဲ့ တုန့်ပြန်ခဲ့တယ်လို့ မစ္စတာ Richardson ကပြောပါတယ်။ ဒီမပြေလည်မှုဟာလည်း ညစာ စားပွဲမှာ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့လည်း သူကပြောပါတယ်။ အခုလို ဖြစ်ရပ်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကိုရော တုန့်ပြန်ပြောကြားဖို့ ရိုက်တာသတင်းဌာနက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်းမရှိခဲ့ဘူးလို့ သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရ အရာရှိတွေနဲ့ သုံးရက်ကြာ ဆွေးနွေးမှုတွေအတွင်း သတင်းမီဒီယာ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာလူ့အဖွဲ့အစည်းကို ယေဘုယျအားဖြင့် ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရတဲ့အတွက် သူ့အနေနဲ့ အံသြသင့်မိတဲ့အကြောင်း မစ္စတာ Richardson ကပြောပါတယ်။ သူဟာ ၁၉၈၀ခုနှစ်များကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သိကျွမ်းခဲ့ပြီး လွန်စွာ လေးစားလိုက်နာခဲ့တာဖြစ်တယ်လို့ မစ္စတာ Richardson ကပြောပါတယ်။ ဒါပေမဲ့လို့ ရခိုင်အရေးကိစ္စအပြင် စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှုပြခဲ့တာ မတွေ့ရခဲ့တဲ့အတွက်ကြောင့် သူ့အနေနဲ့ ဝမ်းနည်းကြောင်း မစ္စတာ Richardson ကပြောပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကတော့ ဗုဒ္ဓဟူးနေ့က အခြားနိုင်ငံတကာ အကြံပေးအဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်ကို သူလိုက်လံပို့ဆောင်ခဲ့ရာမှာ အဲဒီခရီးစဉ်မှာ မစ္စတာ Richardson မပါဝင်ကြောင်းပြောပါတယ်။ ဘာကြောင့် သူမကျေမနပ်ဖြစ်နေသလဲဆိုတာကို အသေအချာမသိကြောင်း ဦးသောင်းထွန်းက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

မစ္စတာ Richardson ဟာ ရခိုင်အကြံပေးအဖွဲ့ကို ဦးဆောင်နေတဲ့ ထိုင်း ဒုတိယဝန်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai ကိုလည်း ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ ဘေးကင်းလုံခြုံရေး၊ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖေါ်ဖို့ အဖွဲ့ ခေါင်းဆောင်အနေနဲ့ စစ်မှန်တဲ့ စေတနာရှိတာကို မတွေ့ရတဲ့အကြောင်း မစ္စတာ Richardson ကပြောပါတယ်။ မစ္စတာ Sathirathai ကို တုန့်ပြန်ဖို့ ရိုက်တာက မေတ္တာရပ်ခံခဲ့ပေမယ့် သူက ပြန်ကြားခြင်းမရှိခဲ့ဘူးလို့ ရိုက်တာသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။ အကြံပေးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Roel of Meyer က ရခိုင်ခရီးစဉ်ဟာ အပြုသဘောဆောင်တယ်လို့ ပြောပြီး အကြံပေးအဖွဲ့အနေနဲ့ လက်ရှိအကြံဉာဏ်များ မပေးရသေးတဲ့အတွက်ကြောင့် အစိုးရ ရဲ့အသံကို ကိုယ်စားပြုမယ်လို့ ပြောဆိုချက်ဟာ လုံးဝမတရားတဲ့အပြင် မမှန်ကန်ကြောင်းသူက ပြောခဲ့ပါတယ်။ အခြားအကြံပေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ ဆွီဒင်လွှတ်တော်ဥက္ကဌ Urban Ahlin တို့ကို ချက်ချင်းဆက်သွယ်လို့မရခဲ့ကြောင်း ရိုက်တာသတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

မစ္စတာ Richardson ကတော့ ရခိုင်ခရီးစဉ်ကို အခြားအကြံပေးအဖွဲ့ဝင်တွေနဲ့ လိုက်ပါခြင်းမရှိပဲ ရန်ကုန်ကို နေပြည်တော်ကနေ ထွက်ခွာသွားခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ အခုလို မစ္စတာ Richardson နိုင်ငံတကာအကြံပေးအဖွဲ့ကနေ နုတ်ထွက်သွားတဲ့အတွက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးအနေနဲ့ ဝမ်းနည်းမိကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။