ပြင်သစ်သမ္မတ အစိုးရဝန်ကြီးအဖွဲ့နဲ့ လုံခြုံရေး အရေးပေါ် ဆွေးနွေး

အသက် ၁၇နှစ်အရွယ် လူငယ်တဦး ပြင်သစ်ရဲရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားနေတဲ့အပေါ် ပြင်သစ်သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်များ အရေးပေါ်အစည်းအဝေးခေါ်ယူဆွေးနွေးနေကြစဉ် (ဇွန် ၃၀၊ ၂၀၂၃)

ပြင်သစ်နိုင်ငံမှာ ရဲလက်ချက်နဲ့ အယ်လ်ဂျီးရီးယားနွယ်ဖွား ၁၇ နှစ်အရွယ် လူငယ်တဦး သေဆုံးခဲ့မှုအပေါ် မကျေနပ်လို့ ဆန္ဒပြမှုတွေ ဆက်ရှိနေချိန်မှာ သမ္မတ Emmanuel Macron နဲ့ အစိုးရကက်ဘိနက်ဝန်ကြီးတွေ ဒီနေ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။ ပါရီမြို့တော်အပါအဝင် မြို့တော်တော်များများမှာ ကြာသပတေးနေ့ညက ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေကို ပိုချထားတယ်လို့ သမ္မတ Macron ကပြောကြားခဲ့ပါတယ်။

ဆန္ဒပြမှုတွေအပြင် ဖျက်ဆီးလုယက်မှုတွေလည်း ဖြစ်နေတာကြောင့် အခြေအနေတွေ ပြန်လည်တည်ငြိမ်အောင်လုပ်နိုင်မယ့် နည်းလမ်းတွေကို သမ္မတ Macron က ကြေညာခဲ့တာဖြစ်ပါတယ်။ လူငယ်တွေအသုံးများတဲ့ TikTok၊ Snapchat စတဲ့ လူမှုကွန်ရက်တွေအနေနဲ့ အကြမ်းဖက်မှုတွေ မပြန့်ပွားအောင် ပြင်သစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည် သမ္မတက တိုက်တွန်းခဲ့ပါတယ်။ အခုရက်ပိုင်း ပြင်သစ်နိုင်ငံမြို့တော်တော်များများမှာဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေမှာ လူမှုကွန်ရက်တွေရဲ့ အခန်းက သိသိသာသာအရေးပါခဲ့တယ်လို့ အစိုးရ အရေးပေါ် အစည်းအဝေးမှာ သမ္မတက ပြောကြားပါတယ်။ ကြာသပတေးနေ့ညက တတိယမြောက်ညအဖြစ် နိုင်ငံတဝန်းဆန္ဒပြမှုတွေအတွင်း ၈၀၀ ထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ ရဲက ပြောပါတယ်။ ပါရီမြို့တော်မှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကို လမ်းပေါ် မထွက်ကြအောင် ထိန်းကြဖို့ သမ္မတ Macron က အရေးပေါ် အစည်းအဝေးအတွင်း တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း မီးရှို့ဖျက်ဆီးခံလိုက်တဲ့ အဆောက်အဦတချို့

အင်္ဂါနေ့တုန်းက ပါရီမြို့ ရပ်ကွက်တခုမှာ ယာဉ်စည်းကမ်းဖောက်ဖျက်ခဲ့သလားဆိုပြီး Nahel ဆိုတဲ့ဆယ်ကျော်သက်ကို ရဲက တားဆီးစစ်ဆေးဖို့ကြိုးစားစဉ် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလူငယ်ဟာ ရဲကတားတာကို ကားရပ်မပေးဘဲ မောင်းပြေးတဲ့အတွက် လမ်းပေါ်က သူတွေကို အန္တရာယ်ကြုံစေခဲ့တယ်လို့ အစိုးရှေ့နေက ပြောကြားခဲ့ပါတယ်။ ပါရီမြို့တော်အပြင် Marseille၊ Lyon နဲ့ Toulouse စတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့အတွက် ရဲတပ်ဖွဲ့ဝင် လေးသောင်းကို တနိုင်ငံလုံးမှာ ဖြန့်ချထားပါတယ်။

Your browser doesn’t support HTML5

ပြင်သစ်သမ္မတ အစိုးရဝန်ကြီးအဖွဲ့နဲ့ လုံခြုံရေး အရေးပေါ် ဆွေးနွေး