ICC နိုင်ငံတကာ ပြစ်မှုခုံရုံးအဖွဲ့မှ ရုရှား နှုတ်ထွက်

ရုရှားသမ္မတ Vladimir Putin

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ကနေ နှုတ်ထွက်ဖို့ ရုရှားသမ္မတ Vladimir Putin ကဆုံးဖြတ်လိုက်ပါပြီ။ လူမျိုးတုံးသတ်ဖြတ်မှု ၊ လူသားအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို တရားစစ်ဆေးစီရင်တဲ့ နိုင်ငံတကာ တရားစီရင်ရေးဆိုင်ရာ ပထမဆုံး ဥပဒေပိုင် အဖွဲ့အစည်းတရပ်ကနေ ပထမဆုံး နှုတ်ထွက်မယ့် အမိန့်တရပ်ကို ရုရှားသမ္မတ Vladimir Putin က ဒီကနေ့ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။

ရုရှားသမ္မတ Vladimir Putin အမိန့်ကို ရုရှားအစိုးရ အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ တရားရုံးဟာ သူနဲ့ ဆက်စပ်ပြီးတော့ ထားရှိတဲ့ မျှော်လင့်ချက်တွေကို မပြည့်မှီခဲ့သလို ၊ အစစ်အမှန်လွတ်လပ်တဲ့ တရားရုံးလည်းမဟုတ်ခဲ့ဘူးလို့ ရုရှားနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ်က Georgia နဲ့ ရုရှားအကြားဖြစ်ခဲ့တဲ့ စစ်ပွဲအပေါ် ICC ရဲ့ကိုင်တွယ်မှု လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက မကျေနပ်ဘူးလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ရုရှားအစိုးရ လိုလားတဲ့ တောင် Ossetia ဒေသ မှာ Georgia အစိုးရက အရပ်သားတွေအပေါ် ပြုမှုလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး တရားရုံးက မြင်အောင်မကြည့်ခဲ့ဘူးလို့ ရုရှားအစိုးရ က ယူဆထားပါတယ်။

Your browser doesn’t support HTML5

ICC နိုင်ငံတကာ ပြစ်မှုခုံရုံးအဖွဲ့မှ ရုရှား နှုတ်ထွက်