ရုရှားနဲ့ ယူကရိန်းတို့ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်

အရေးပါ်ဌာနဝန်ထမ်းတွေက ရုရှားဒရုန်းထိမှန်ပြိုကျသွားတဲ့ Kharkiv မြို့က နေအိမ်တလုံးကို ရှင်းလင်းနေစဥ်။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄)

ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုတွေအတွင်း ဒရုန်း ၃၁ စင်းထဲက အစင်း ၂၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ Chernihiv, Dnipropetrovsk, Kharkiv နဲ့ Kyiv ဒေသတွေမှာ ကြားဖြတ်ပစ်ချနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်းလေကြောင်းတပ်က ပြောပါတယ်။

ရုရှားပိုင် Volgograd, Voronezh နဲ့ Belgorod ဒေသတွေပေါ်က ယူကရိန်းဝေဟင်ဒရုန်း ၅ ခုကို ဖျက်ဆီးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ယူကရိန်းဒရုန်းတစင်းရဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ်တလုံးနဲ့ တိုက်ခန်းအဆောက်အဦးတချို့ ပျက်စီးသွားခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူတော့ မရှိကြောင်း Belgorod မြို့ဝန် Vyacheslav Gladkov က Telegram လူမှုကွန်ယက်ကနေတဆင့် ပြောပါတယ်။

အရင်တုန်းက ဒရုန်းနဲ့ မစ်ဆိုင်းဒုံးတိုက်ခိုက်မှုတွေထက် အခုနောက်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေမှာ ၂ ဖက်စလုံးက တိုက်ခိုက်မှု ပိုများလာတာကိုလည်း တွေ့ရပါတယ်။

ဒရုန်း ၁၀၆ စင်းနဲ့ မစ်ဆိုင်း ၇၈ ခု အပါအဝင် ယူကရိန်းစစ်တပ်အပေါ် ရုရှားဘက်က အကြီးအကျယ် တိုက်ခိုက်နေမှုကို ရှုတ်ချကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မနေ့ ဗုဒ္ဓဟူးနေ့တုန်းက ပြောပါတယ်။ ယူကရိန်းတနိုင်ငံလုံး အမှောင်ကျစေဖို့ စွမ်းအင်စက်ရုံတွေကို ရုရှားက ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

ယူကရိန်းစစ်တပ်အတွက်အထောက်အကူဖြစ်နေတဲ့ အရေးပါတဲ့ စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထား ပါတယ်။

Your browser doesn’t support HTML5

ရုရှားနဲ့ ယူကရိန်းတို့ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်