ကျူးဘားနဲ့ ဗီယက်နမ်မှာ ရုရှားစစ်စခန်းတွေ ပြန်ဖွင့်မည်

Russia Victory Day Parade စစ်ရေးပြ အခမ်းအနား ( မော်စကို၊ ရုရှား မေ ၉၊ ၂၀၁၆)

အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးတွေ အဆင်မပြေဖြစ်လာနေချိန်မှာပဲ ရုရှားက သူ့ရဲ့စစ်ရေးအခြေစိုက်စခန်းတွေကို ကျူးဘားနဲ့ ဗီယက်နမ် နိုင်ငံတွေ မှာ ပြန်လည်ဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ ထိပ်တန်း ကာကွယ်ရေး အရာရှိကြီးတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေ က ဖေါ်ပြနေကြပါတယ်။

ရုရှားစစ်အင်အားကို ကျူးဘားနဲ့ ဗီယက်နမ်လို နိုင်ငံတွေမှာ ပြန်လည် ချထားရေး နဲ့ ပါတ်သက်ပြီး ဖြစ်နိုင်မဖြစ်နိုင် ရုရှားအောက်လွှတ်တော်မှာ သောကြာနေ့က လွှတ်တော်အမတ်တွေရဲ့ အမေးကို ရုရှားကာကွယ်ရေး ဒုတိယဝန်ကြီး Nikolai Pankov ကပြန်လည် ဖြေကြားရာမှာ ရုရှားက လုပ်ဆောင်နေတယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဆိုဗီယက်ယူနီယံက ၁၉၆၀ အစောပိုင်း နှစ်တွေမှာ ကျူးဘားက လူးဒါးဒက်စ် (Lourdes) မှာ ထောက်လှန်းရေး အခြေစိုက်စခန်းတခု ထူထောင်ခဲ့သလို ၁၉၇၀ နှောင်းပိုင်း နှစ်တွေမှာ ဗီယက်နမ်က Cam Ranh ပင်လယ်ကွေ့မှာ ရေတပ် အခြေစိုက်စခန်းတခု ထူထောင်ခဲ့တာပါ။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပေမယ့်လည်း ရုရှားက ဒီစခန်းတွေကို ဆက်လက် ဖွင့်လှစ်ထားတာ ဖြစ်ပြီး ၂၀၀၁ ခုမှ ကျူးဘူးနဲ့ ၂၀၀၂ ခုနှစ်မှာ ဗီယက်နမ်က စခန်းတွေကို ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရုရှားက ဆီးရီးယားမှာ သူ့ရဲ့ လေတပ်နဲ့ ရေတပ် အခြေစိုက်စခန်းတွေကို ဖွင့်လှစ်ထားပါတယ်။ သောကြာနေ့မှာပဲ ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကိုမေးမြန်းရာမှာတော့ တိုက်ရိုက်ဖြေကြားဖို့ ငြင်းဆိုခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားမှာ ဖြစ်ကြောင်း ဖြေကြားချက်ကိုလည်း ရုရှားသတင်းတွေ မှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံတကာ အခြေနေဟာ တည်ငြိမ်မှု မရှိပဲ ဖြစ်လာတာမို့ ဒီအခြေနေနဲ့ ကိုက်ညီမယ့် ပြင်ဆင်မှုတွေ နိုင်ငံတိုင်းက လုပ်ထားဖို့ လိုအပ်မယ့် အကြောင်း ပြန်လည် ဖြေကြားခဲ့တာပါ။

Your browser doesn’t support HTML5

ကျူးဘားနဲ့ ဗီယက်နမ်မှာ ရုရှားစစ်စခန်းတွေ ပြန်ဖွင့်မည်