ရဝမ်ဒါနိုင်ငံမှာ လူ ၈ သိန်းကျော် သေဆုံးခဲ့တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပေါ်ခဲ့တာ ဒီကနေ့ ဆိုရင် ၂၅ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီလူမျိုးတုန်း သတ်ဖြတ်မှုဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ အဆိုးဆုံး လူမျိုးတုန်း သတ်ဖြတ်မှုတွေထဲက တခု ဖြစ်ပါတယ်။
၁၉၉၄ ဧပြီလ ၆ ရက်နေ့က ရဝမ်ဒါနိုင်ငံရဲ့ သမ္မတ ဟူတူလူမျိုး စီးလာတဲ့ လေယာဉ်ပစ်ချခံရပြီး သေဆုံးသွားရကနေ အဲဒီလူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ခဲ့တာပါ။ လူများစု ဟူတူလူမျိုးတွေထဲက စစ်သွေးကြွတွေက ရဝမ်ဒါသမ္မတ သေဆုံးရတာဟာ လူနည်းစု Tutsi တွေကြောင့် ဖြစ်တယ်လို့ ပြစ်တင်ခဲ့ကြပါတယ်။
ရဝမ်ဒါနိုင်ငံမှာ တဘက်နဲ့ တဘက် အပြန်လှန်တိုက်ခိုက်တာတွေ ၃ လကြာ ဖြစ်ခဲ့ပြီး ဂိုဏ်းတွေက လူတွေကို အိမ်တွေ၊ လယ်ကွင်းတွေ အပြင် သူတို့ ခိုလှုံနေကြတဲ့ ဘုရားကျောင်းတွေနဲ့ ကျောင်းတွေမှာပါ သတ်ခဲ့တာ ဖြစ်ပါတယ်။
ရေဒီယိုကနေ အမုန်းစကားတွေ ထုတ်လွှင့်ခဲ့တာကြောင့် အခြေအနေတွေ ပိုဆိုးကုန်ခဲ့ပြီး ရဝမ်ဒါ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ တခြားအစိုးရ တာဝန်ရှိသူတွေကလည်း ဒီသတ်ဖြတ်မှုတွေကို တားဆီးဖို့ မလုပ်ခဲ့ကြပါဘူး။
လူမျိုးတုံးသတ်ဖြတ်မှုတွေ ရက်ပေါင်း ၁၀၀ ကျော် ဖြစ်ခဲ့ပြီး တဲ့နောက်၊ ရဝမ်ဒါ မျိုးချစ်တပ်ဦး (RPF) က မြို့တော် ကီဂါလီ နဲ့ နယ်မြေတွေကို ၁၉၉၄ ဇူလိုင်လမှ ပြန်သိမ်းယူပြီး အခြေအနေတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဟူတူပြည်သူစစ်တွေကတော့ ပြစ်ဒဏ်မခံရအောင် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပါတယ်။
၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းက Kagame အစိုးရက ပြစ်မှုကျူးလွန်သူတွေအနေနဲ့ ဒါကို တောင်းပန်ပြီး ခွင့်လွှတ်ဖို့ ပြောမယ်ဆိုရင် ထောင်ကနေ လွှတ်ပေးမယ်ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
အခုလို ၂၅ နှစ် ကြာလာပြီးတဲ့နောက် အမေရိကန်၊ ကုလသမဂ္ဂ နဲ့ တခြား အလှူရှင်နိုင်တွေက ကမကထလုပ်တဲ့ အစီအစဉ်အရ လူမျိုးတုံး သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သူတွေနဲ့ အသက်မသေဘဲ ကျန်ရစ်သူ ၃ ထောင်လောက်ဟာ ရဝမ်ဒါနိုင်ငံတဝှမ်းက ပြန်လည်သင့်မြတ်ရေးရွာတွေမှာ အတူနေထိုင်နေကြပါတယ်။ ဝေဖန်သူတွေကတော့ အဲဒီရွာတွေမှာ နေထိုင်ကြတာတွေဟာ အတုအယောင်တွေလို ပြောပါတယ်။
Your browser doesn’t support HTML5