Rwanda လူမျိုးတုန်း သတ်ဖြတ်မှု ၂၅ နှစ်ပြည့်

Rwanda နိုင်ငံ လူမျိုးတုန်း သတ်ဖြတ်မှု ၂၅ နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနား

Rwanda နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှုု ဖြစ်ပွားခဲ့တဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ခုလိုအဖြစ်မျိုး ထပ်မဖြစ်စေရဘူးလို့ သမ္မတ Paul Kagame က ကတိပြုခဲ့ပါတယ်။ ကျူးလွန်ခဲ့သူတွေကို ခွင့်လွှတ်ဖို့ ကြိုးစားတဲ့ တချိန်ထဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြီးကို မေ့ပစ်လို့မရဘူးလို့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ သမ္မတ Kagame ကပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူမျိုးတုန်း သတ်ဖြတ်ခံရသူ ၂ သိန်းခွဲလောက်ကို မြှုပ်နှံထားတဲ့ Kigali အမှတ်တရ နေရာမှာ မီးထွန်းညှှိပြီး လွမ်းသူ့ပန်းခွေတွေချကာ အထိမ်းအမှတ် အခမ်းအနားကို စတင်ခဲ့တာပါ။ ရက်ပေါင်း ၁၀၀ လောင်ကျွမ်းနေမယ့် အမှတ်တရ မီးတိုင်အတွက် မီးတောက်ကို Rwanda လူငယ်လေးတွေက ဖယောင်းတိုင်နဲ့ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး သမ္မတ Kagame ကို မီးကူးပေးခဲ့ကြပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှု နှစ်ပတ်လည်အဖြစ် Amahoro အမျိုးသား အားကစားကွင်းကြီးဆီကို အမှတ်တရ လမ်းလျှောက်ပွဲမှာလည်း သမ္မတ Kagame အပါအဝင် လူပေါင်း ထောင်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။ အားကစားကွင်းကြီးထဲမှာ ညပိုင်းကျင်းပတဲ့ ဖယောင်းတိုင်ထွန်း အောက်မေ့ပွဲကို လူပေါင်း ၂ သောင်းကျော် တက်ရောက်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ် ဧပြီ လတုန်းက Hutu လူမျိုး သမ္မတစီးလာတဲ့ လေယာဉ် ပစ်ချ ခံခဲ့ရပြီးတဲ့နောက် ဒါဟာ လူနည်းစု Tutsis လူမျိုးတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ဆိုပြီး အစွန်းရောက် Hutu တွေရဲ့ သုတ်သင်သတ်ဖြတ်မှု စတင်ခဲ့တာပါ။

ရက်ပေါင်း ၁၀၀ လောက်အတွင်းမှာပဲ Hutu အစွန်းရောက်တွေရဲ့ လက်ချက်နဲ့ Tutsis လူမျိုးတွေအပြင် အလယ်အလတ် သဘောထားရှိကြတဲ့ Hutu လူမျိုး စုစုပေါင်း ၈ သိန်းလောက် သေဆုံးခဲ့ကြပါတယ်။

Your browser doesn’t support HTML5

Rwanda လူမျိုးတုန်း သတ်ဖြတ်မှု ၂၅ နှစ်ပြည့်