ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေဘက်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်(PNO) ပူးပေါင်းအဖွဲ့တို့က လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ဆီဆိုင်မြို့နယ် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားကိုလည်း စစ်ကောင်စီက ဗုံး ၃ကြိမ် ကြဲချခဲ့တယ်လို့ PNLA က ပြောပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက် တိုက်ပွဲတွေပြန်ပြင်းထန်လာတဲ့စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင် မြို့နယ်မှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့ တို့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေထဲကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဆိုက်ခေါင်-ဟိုနမ့် ပွန်ချောင်းတံတားအနီးတဝိုက်မှာ နိုဝင်ဘာလ ၂၀ရက်နေ့ မနေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဗွီအိုအေကို ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက် မနေ့က စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့ က အများပြည်သူအသုံးပြုနေတဲ့ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်-ဟိုနမ့် ပွန်ချောင်းတံတားကိုလည်း စစ်ကောင်စီက လေကြောင်းကနေ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ PNLAက သတင်းထုတ်ပြန်ပါတယ်။ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတား ဗုံးကြဲတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ စစ်ကောင်စီဘက်က လက်နက်တချို့ PNLA ဘက်က သိမ်းဆည်းရမိတဲ့အကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဗွီအိုအေကို ခုလို ပြောပါတယ်။
“တိုက်ပွဲကတော့ မနေ့မနက်ပေါ့လေ သူတို့က စစ်ကောင်စီနဲ့ အဲ့ဒီစစ်ကောင်စီ လက်ပါးစေ အာဏာရှင်လက်ပါးစေ ပြည်သူ့စစ်တွေက ပေါင်းပြီးတော့ ထိုးစစ်ဆင်တယ်ပေါ့နော်။ ပြီးတော့မှ အများပြည်သူ အသုံးပြုနေတဲ့ ပွန်ချောင်းတံတားကိုလည်း ဗုံးကြဲတယ်ပေါ့လေ၊ ဗုံးကြဲတယ်။ ဒါပေမယ့် ထိတွေ့တိုက်ပွဲဖြစ်တယ်ပေါ့နော် အဲ့ဒီမှာ စစ်ကောင်စီဘက်က ကျနော်တို့ ရရှိတဲ့သတင်းအရဆိုရင် အလောင်းနဲ့ လူနာကို ကား ၁၄ စီးနဲ့ သယ်ထုတ်သွားတယ်ပေါ့နော်။ ပြီးတော့ လက်နက်အချို့လည်း ကျနော်တို့ သိမ်းမိထားတာ ရှိပါတယ်။”
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေဘက်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့ က အကြောင်းမဲ့ အင်အားဖြည့်တင်းကျူး ကျော် ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ဆိုက်ခေါင်-ဟိုနမ့် ပွန်ချောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
“ကျနော်တို့က ကျနော်တို့ ဘာသာ ကျနော်တို့ အေးအေးဆေးဆေးနေနေတဲ့ ကျနော်တို့နယ်မြေကို ဒီစစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ အာဏာရှင်လက်ပါးစေတွေက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတာဖြစ်ပါတယ်။”
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ယခုအချိန်ထိ စစ်အင်အားဖြည့်တင်းပြီး PNLO နယ်မြေထဲသို့ ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်နေတယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆိုပါတယ်။
အခုလို စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်ခံလိုက်ရလို့ ပျက်စီးသွားတဲ့ ပွန်ချောင်း တံတားဟာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ဒေသခံပြည်သူတွေ သွားလာ ဆက်သွယ်ရေး အတွက် အဓိကထား အားကိုးနေရတဲ့ တံတားတခုဖြစ်သလို ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရေဘေးကြောင့် ပျက်စီးသွားတဲ့အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဗဟိုအုပ်ချုပ်ရေးဌာနကြီးက ဦးဆောင်ပြီး ပြန်လည်တည်ဆောက်နေချိန်လည်းဖြစ်ပါတယ်။
လတ်တလော ဆီဆိုင်မြို့နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ PNO ပြောရေးဆိုခွင့်ရှိသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
Your browser doesn’t support HTML5