လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့်နဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် New Delhi မှာ ဒီကနေ့ စာသင်ကျောင်းတွေပိတ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားသလို မြို့တွင်း မလိုအပ်ပဲ ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါတယ်။ မြို့တော်တဝိုက် မီးခိုးမြူတွေ ထူထပ်နေသလို မြို့ခံတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်တဲ့ အန္တရာယ်ရှိနေတာပါ။ အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအခံရှိသူတွေ တတ်နိုင်သမျှ အိမ်ထဲမှာနေကြဖို့လည်း အာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။
လေထုညစ်ညမ်းမှု အဆင့် ၄ သတ်မှတ်တုံ့ပြန်အစီအစဉ်တွေဆောင်ရွက်နေသလို အထပ်မြင့်အဆောက်အအုံတွေအထိ မီးခိုးမြူတွေဖုံးလွှမ်းနေတာကြောင့် လေယာဉ်ခရီးစဉ်တွေနှောင့်နှေးနိုင်တာကိုလည်း သတိပေးပါတယ်။ မြို့တော်နေရာ အနှံ့အပြား လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားတဲ့ ဘေးကင်းမှုအဆင့် သတ်မှတ်ချက်ထက် အဆ ၅၀ လောက်ပို ဆိုးနေပြီး ဒီသီတင်းပတ်တွင်း ဆက်ပြီး လေထုညစ်ညမ်းမှု ကြုံရနိုင်တာကိုလည်း သတိပေးထားပါတယ်။
နှစ်စဉ်ဆောင်းရာသီကောက်ရိတ်သိမ်းချိန်ရောက်တိုင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသ လယ်စိုက်ခင်းတွေမှာ လက်ကျန် သီးပင်စားပင်တွေကို မီးရှို့ကြသလို၊ စက်မှုလုပ်ငန်းတွေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့နေရာတွေက ကျောက်မီးသွေးမီးရှို့တာတွေ ကြောင့် လေထုညစ်ညမ်းမှုကြုံရလေ့ရှိပါတယ်။