အိန္ဒိယနိုင်ငံမြောက်ပိုင်း မဏိပူပြည်နယ်ကရဲစခန်းတခုကို မနေ့က ကူကီးလူမျိုးစုတွေဝင်ရောက် တိုက်ခိုက်ပြီး အိန္ဒိယရဲတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတဲ့အတွက် လူ ၁၀ ယောက်လောက် သေဆုံးသွားတဲ့အကြောင်း ခရိုင်အရာရှိတွေကပြောပါတယ်။
၄၅ မိနစ်လောက်ကြာ တိုက်ခိုက်မှုအတွင်း ရဲအရာရှိတဦး ထိခိုက်ဒဏ်ရာရသွားကြောင်းနဲ့ တိုက်ခိုက်သူတွေဆီက ရိုင်ဖယ်သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေ သိမ်းဆည်းရမိကြောင်း အိန္ဒိယ အရာရှိတွေ ကပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကိုနောက်ထပ် လုံခြုံရေးတပ်ဖွဲ့တွေ ထပ်လွှတ်ပြီး အားဖြည့်ထားကြောင်းလည်း မဏိပူအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က မီးလောင်ထားတဲ့ ကူကီးအမျိုးသမီးအလောင်းတခုကိုတွေ့ရှိရာက အဓိကရုဏ်းတွေ စပေါ်ပေါက်ခဲ့တာပါ။ ဒေသခံ ကူကီးအဖွဲ့အစည်းဖြစ်တဲ့ Kuki-Zo Council ကတော့ သူတို့နယ်မြေကို အပြင်လူဝင်ခွင့်မပေးဘဲ ပိတ်ပင်ပေးဖို့ တောင်းနေပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းကပ်နေတဲ့ မဏိပူပြည်နယ်ထဲမှာ မဏိပူရီခေါ် ကသည်းလူမျိုးတွေနဲ့ တောင်ပေါ်သားတိုင်းရင်းသားတွေကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လူမျိုးရေးတင်းမာမှုနဲ့ အကြမ်းဖက်မှုတွေပေါ်ပေါက်နေခဲ့ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပုန်ကန်မှုနဲ့ တိုက်ခိုက်မှုတွေလည်း မကြာခဏ ပေါက်ပေါက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က လူ ၁၈၀ ကျော် အသတ်ခံခဲ့ရသလို လူပေါင်း ငါးသောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
Forum