လူ ၅ဦး သေဆုံးတဲ့ ဖားကန့်ပစ်ခတ်မှုအပေါ် ဝေဖန်သံတွေ ထွက်ပေါ်

ကချင်ပြည်နယ် ဖားကန့်ဒေသက ရေမဆေးကျောက် ရှာဖွေသူများ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာက လူ ၅ ဦးသေဆုံးခဲ့တဲ့အထိ လုံခြုံရေးတပ်ဖွဲ့က နှိမ်နင်းခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်လာတဲ့အတွက် ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို စစ်ဆေးနေကြောင်း ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က အပြည့်အစုံကို ပြောပြမှာပါ။

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မဇွတ်ယန်ကျေးရွာနဲ့ ဆိုင်ရာကျေးရွာကြား ကျောက်ရှာဖွေရေး တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက်မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဝင်တွေကို တုတ်၊ ဓါး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရေမဆေးကျောက် ရှာသူတွေက အောက်တိုဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ည ၉ နာရီခွဲလောက်မှာ လုပ်ကွက်ထဲ အတင်းဝင်ရောက် ရန်ပြုရာက ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး၊ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၅ ဦးသေဆုံးကာ လူ ၂၀ ကျော်ဒဏ်ရာရသွားကြောင်း၊ အခင်းဖြစ်ပွားမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၅ ဦးလဲ ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့သတင်းကို ကိုးကားပြီး သောကြာနေ့ထုတ် အစိုးရသတင်းစာမှာ ဖေါ်ပြပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ပစ်ခတ်ဖြေရှင်းတဲ့နည်း မသုံးပဲ ပြဿနာကို အခြားနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ကချင်လူူမှုဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းက ဦးလမောင်လတောင်က ပြောပါတယ်။

" အခြားဖြေရှင်းတဲ့နည်းလည်း ရှိမှာပေါ့လေ ဥပမာ မပစ်ခတ်ပဲနဲ့ လူထုကို သူတို့ကနေပြီးတော့ ရှင်းပြပြောပြပြီးတော့ ဒီလုံခြုံရေးယူလိုက်လို့ရှိရင် ဘယ်လိုခေါ်မလဲ ရေမဆေးကလည်း ဘာမှလုပ်မှာမဟုတ်ပါဘူး ဒါပေမဲ့ အခုက အဲ့လိုမဟုတ်ပဲနဲ့ ကျနော်တို့ဒေသကျတော့ သူတို့ထင်တိုင်းကျဲနေတာလေ ဥပမာအားဖြင့် မနေ့တုန်းက ဘုရားကျောင်းထဲ ဝင်ပြီးတော့ သေနတ်ဖောက်ပြီး လူ၄ယောက်ကို ဖမ်းပြီး ရိုက်နှက်တာတွေ ရှိတယ်လေ ဆိုလိုတာက တပ်ကရော ရဲကရော ကျနော်တို့ ဖားကန့်ဒေသဘက်မှာ ထင်တိုင်းကျဲပြီး လုပ်နေတာရှိတယ်လေ ဘယ်သူမှလည်း ဘာမှ ပြောပိုင်ခွင့်မရှိဘူးလေ ဟို အစိုးရကလည်း အရပ်သားအစိုးရသာပြောတာ ဘာမှကို အာဏာမရှိဘူး စစ်တပ်လောက်တောင် အာဏာမရှိဘူးလေ။"

ရေမဆေးကျောက် ရှာဖွေသူတွေဟာ သူတို့ကို အန္တရာယ်ပြုပြီး ခြိမ်းခြောက် လာတာကြောင့် ပစ်ခတ်ဖြေရှင်းခဲ့ရတာဖြစ်ကြောင်းနဲ့ ပစ်ခတ်စဉ် ပါဝင်တဲ့ ရဲတာဝန်ရှိသူတွေကို စစ်ဆေးနေကြောင်း လုံးခင်းစခန်းမှူး ဒုရဲမှူး ရဲအောင်က VOA ကိုပြောပါတယ်။

" ဘာကြောင့်ပစ်ခတ်ရသလဲဆိုတော့ ရဲတွေကို ရေမဆေးတွေက အင်အားအများကြီးနဲ့ ဝိုင်းထားတာ ဝိုင်းထားပြီးတော့ ခဲနဲ့ထုတယ် ဆဲတယ်။ ပစ်တယ် နောက် ရဲအရာရှိကို ဖမ်းသွားတယ်။ ဖမ်းသွားပြီး လက်နက်ကိုင် ယူတယ် ဒါမျိုးတွေပေါ့နော် နောက် ကားတွေ မြေသယ်ကားတွေကိုလည်း မီးရှို့ပစ်လိုက်တယ် ကားကိုလည်းမီးရှို့တယ် လူကိုလည်း ပြသနာရှာတာပေါ့ အဲ့တာကြောင့် ကျနော်တို့က လူစုလူဝေးနဲ့ဆန္ဒပြတာတို့ ရုန့်ရင်းဆန်ခတ်မှုတွေမှာ ရဲကိုတောင် ကိုယ်ထိလက်ရောက်စော်ကားနေတာ အဲ့အဆင့်နဲ့ ဘယ်လိုသွားလုပ်လို့ဘယ်လိုအဆင်ပြေမှာလဲ။"

မေး။ ။ ဆိုတော့ လူစုလူဝေးထဲ ပစ်ခတ်ခဲ့တဲ့ ရဲတွေနဲ့ပတ်သက်လို့ရော တစုံတရာ စုံစမ်းစစ်ဆေးတာတို့ အရေးယူဆောင်ရွက်တာတို့ရှိပါသလား။

" ရှိပါတယ် ရှိပါတယ် အဲ့တာလည်းရှိပါတယ် ကျနော်တို့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးလျက်ရှိတယ် ရဲစခန်းမှာ။"

ဒါပေမယ့် လုံးခင်းရဲစခန်းမှူးရဲ့ ပြောဆိုချက်ဟာ အကြောင်းပြချက် တခုသာဖြစ်တယ်လို့ ဦးလမောင်လတောင်က ထောက်ပြပါတယ်။

" တကယ်တော့ အဲ့ရေမဆေးတွေက တုတ် ဓားတော့မကိုင်ဘူး ဒါပေမဲ့ ရေမဆေးမှာ ကိုင်တဲ့ တူလေ အဲ့တာတော့ ရေမဆေးတိုင်းကိုင်တယ် ဒါပေမဲ့ ဓားကိုင်တာတော့ ကျနော် မမြင်ဘူးပေါ့လေ သူတို့ရဲတွေက အမြဲတမ်း ချဲ့ပြီး ပြောလေ့ပြောထရှိတယ် ဆိုတဲ့အကြောင်းပေါ့လေ အခု ကျနော်တို့ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်လို့ရှိရင် ကျနော် ဖားကန့်မှာဖြစ်တဲ့ကုမ္ပဏီမှာဖြစ်တဲ့ အကြောင်းအရာတင်မဟုတ်ဘူး ကျန်တဲ့အပိုင်းမှာလည်း တပ်က ပစ် မှားတာလည်း ရှိတယ် ရဲက ပစ် မှားတာလည်းရှိတယ်ဗျာ ဒါပေမဲ့ ပစ် မှားတဲ့ရဲကို တပ်ကို အရေးယူတယ်ဆိုတာ တခါမှာလည်း မကြားဘူး အဲ့တာကြောင့် အရေးယူမယ်ဆိုတာ အဲ့တာကို ကျနော်အနေနဲ့ အဲ့တာကို သိပ်ပြီးတော့ အယုံအကြည်မရှိဘူးပေါ့ဗျာ။"

လူစုလူဝေးနဲ့ပတ်သက်လို့ ရဲက ကိုင်တွယ်ဖြေရှင်းရာမှာ ပစ်မိန့်ကို လက်လွတ်စပယ် သုံးခွင့်မရှိဘူးဆိုတဲ့ ဥပဒေပြဌာန်းချက်ရှိကြောင်း လူ့အခွင့်ရေးရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

"သူတို့လည်း သူတို့အသက်အန္တရာယ်ကို ထိခိုက်လာနိုင်တယ်ဆိုရင်တော့ ခုခံခွင့်တော့ရှိတယ် ကိုယ့်သဘောနဲ့ကိုယ်တော့ လုပ်လို့မရဘူး။ သက်ဆိုင်ရာ တရားသူကြီးတယောက် နောက် တစ်ပွင့်ထက် မနိမ့်တဲ့ရဲအရာရှိတယောက်ကနေ ပြီးတော့ အခြေအနေကို ထိန်းသိမ်းကွပ်ကဲမှုတော့ လုပ်ရတယ် ကိုယ်ထင်တိုင်းတော့ ပစ်လို့မရဘူး။ ရဲလက်စွဲမှာရော ရာဇဝတ်ကျင့်ထုံးဥပဒေမှာရော ပြဌာန်းထားတာရှိတယ်။ တကယ့်တကယ်တော့ ကော်မရှင်တရပ်နဲ့ တိတိကျကျ တကယ်စုံစမ်းစစ်ဆေးပြီးတော့ နှစ်ဘက်နားထောင်ပြီးတော့ သက်ဆိုင်ရာ မြို့နယ်တရားရုံးက ဒီလူသေတာ ဓမ္မတာအတိုင်း ဟုတ်သလားမဟုတ်သလား စုံစမ်းစစ်ဆေးရမယ် ကျနော်တို့ဆီမှာက ဂျိမ်းစဘွန်းလိုင်စင်ပေးထားသလိုပဲ ကိုပါကြီးလည်း ဒီအတိုင်းသတ်ပစ်လိုက်တာပဲ ဒေါ်ခင်ဝင်းလည်း ဒီအတိုင်းသတ်ပစ်လိုက်တာပဲ အဲ့တော့ ဥပဒေက တခြားရောက်နေတာပေါ့ အခက်အခဲဖြစ်နေတာပေါ့။ "

ဗုဒ္ဓဟူးနေ့ လုံးခင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ရဲကပစ်ခတ်မှုအပြင် မြေစာနဲ့ ဖုံးဖိလိုက်တာကြောင့် လူ ၅ ဦးထက်မက သေဆုံးနိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကို မှော်ပုံရွာ လူမှုကယ်ဆယ်ရေးအသင်းက လုံးခင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ အဲဒီထဲက ဒဏ်ရာပြင်းထန်သူ ၉ ဦးကို မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပြီး ကုသပေးသွားမှာ ဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖေါ်ပြပါတယ်။

Your browser doesn’t support HTML5

လူ ၅ဦး သေဆုံးတဲ့ ဖားကန့်ပစ်ခတ်မှုအပေါ် ဝေဖန်သံတွေ ထွက်ပေါ်