စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယူသားငယ် ဗြိတိန်မှာ နိုင်ငံရေးခိုလှုံ

စင်္ကာပူနိုင်ငံ Tiong Bahru Market မှာကျင်းပတဲ့ Progress Singapore Party အခမ်းအနားတခုမှာတွေ့ရတဲ့ Lee Hsien Yang (ဇွန် ၂၄၊ ၂၀၂၀)

ခေတ်သစ် စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Lee Kuan Yew ရဲ့အငယ်ဆုံးသားလည်းဖြစ်၊​ ဝန်ကြီးချုပ်ဟောင်း Lee Hsien Loong ရဲ့ညီလည်းဖြစ်သူ Lee Hsien Yang က သူအခု ဗြိတိန်မှာ နိုင်ငံရေးခိုလှုံနေရတယ်လို့ပြောပါတယ်။​ Lee Hsien Yang က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းအရ ဗြိတိန်မှာ ဒုက္ခသည်အဖြစ်ခိုလှုံနေရကြောင်း အင်္ဂါနေ့မှာပြောတာပါ။

စင်္ကာပူကိုပြန်ရင် ဖိနှိပ်ညှင်းပန်းမှု အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်သလို ဘေးကင်းလုံခြုံမှုမရှိတဲ့အကြောင်းကိုလည်း သူက Facebook စာမျက်နှာမှာရေးထားပါတယ်။​ နောက်ဆုံးအားထားရာအကာအကွယ်ဖြစ်ဖို့ နိုင်ငံရေးခိုလှုံဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုထိ စင်္ကာပူနိုင်ငံသားအဖြစ်ပဲခံယူထားဆဲဖြစ်တဲ့ အကြောင်းနဲ့ တနေ့နေ့တော့ သူ့နိုင်ငံကို ဘေးကင်းကင်းပြန်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း Lee က ပြောပါတယ်။​ ​

Lee Hsien Yang နဲ့ အမဖြစ်သူ ကွယ်လွန်သူ Lee Wei Ling တို့ဟာ ကွယ်လွန်သူဖခင်ရဲ့အိမ်အမွေကိစ္စနဲ့ ပတ်သက်ပြီး အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Lee Hsieng Loong နဲ့ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ အစိုးရကတော့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့ အညီ လုပ်သင့်လုပ်ထိုက်တာဆောင်ရွက်သွားမယ်လို့ပြောဆိုပါတယ်။​ Lee Hsien Yang ကတော့ သူ့ဖခင်ဆန္ဒနဲ့ အညီ အမွေဆိုင်အိမ်ဖြိုဖျက်ဖို့ လျှောက်ထားမယ်လို့ပြောပါတယ်။​

သူနဲ့ သူ့မိသားစုအပေါ် အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ ကွယ်လွန်ခဲ့တဲ့ အမဖြစ်သူ ဈာပနအတွက် စင်္ကာပူကိုမပြန်နိုင်ခဲ့ဘူးလို့လည်းပြောပါတယ်။​ နိုင်ငံကိုဘေးကင်းကင်းမပြန်နိုင်ဘူးဆိုတဲ့ သူ့ရဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စင်္ကာပူအစိုးရက အခြေအမြစ်မရှိတဲ့ပြောဆိုချက်တွေလို့ ပြောဆိုတာကို ChannelNewsAsia ကဖော်ပြပါတယ်။​ စင်္ကာပူနိုင်ငံမှာရှိတဲ့ ဗြိတိန် ကော်မရှင်နာရုံးကတော့ တစုံတရာမှတ်ချက်ပေးဖို့ တောင်းဆိုတာကို မတုံ့ပြန်ပါဘူး။

Your browser doesn’t support HTML5

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယူသားငယ် ဗြိတိန်မှာ နိုင်ငံရေးခိုလှုံ