တောင်တရုတ် ပင်လယ်တွင်းက လူမနေတဲ့ ကျွန်းတွေကို သိမ်းပိုက်ဖို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က စစ်တပ်ကို အမိန့်ပေးလိုက်တဲ့ အတွက် ပိုင်ဆိုင်မှုအတွက် ကာလကြာရှည် အငြင်းပွားနေတဲ့ တရုတ်နိုင်ငံအတွက် ဒေါသထွက်စရာ လုပ်ရပ်တခု ဖြစ်လာနိုင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း Palawan ဒေသက စစ်စခန်းတခုကို ဒီကနေ့ သွားရောက် လည်ပတ်စဉ်မှာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေထဲက ကျွန်း ၉ ခု ၁၀ ခု လောက်မှာ ဖိလစ်ပိုင်အလံ လွှင့်ထူသွားမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ သမ္မတ Duterte က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
တရုတ်နိုင်ငံကတော့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်ဝမ် တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုနေပေမဲ့ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝပြီး၊ စတုရန်းကီလိုမီတာ ၃ သန်းခွဲလောက်ရှိတဲ့ တောင်တရုတ်ပင်လယ် တခုလုံးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး၊ စစ်အခြေစိုက် စခန်းတွေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် လူလုပ်ကျွန်း တည်ဆောက်မှုတွေကိုလည်း အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ကျွန်းတွေကို သိမ်းပိုက်ဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ ဖိလစ်ပိုင် သမ္မတကတော့ အားလုံးနဲ့ မိတ်ဆွေဖြစ်အောင် ကြိုးပမ်းခဲ့တာတွေ ရှိပေမဲ့လည်း၊ အချုပ်အခြာပိုင်မှုကိုတော့ ထိန်းသိမ်းဖို့ လိုအပ်ကြောင်းနဲ့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို ပြသဖို့နဲ့ ခိုင်မာအောင်လုပ်ဖို့ လိုတယ်လို့လည်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
ဖိလစ်ပိုင်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့မှာ သိမ်းပိုက်ဖို့ ရည်ရွယ်ထားတဲ့ ကျွန်းတွေထဲက တခုဖြစ်တဲ့ Pag-asa ပေါ်မှာ ဖိလစ်ပိုင်အလံလွှင့်ထူဖို့ သူကိုယ်တိုင် သွားကောင်း သွားရောက်မယ်လို့လည်း သမ္မတ Duterte က ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ Duterte ဟာ သမ္မတဟောင်း Benigno Aquino လက်ထက်မှာ မပြေမလည်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ ပြီးခဲ့တဲ့နှစ်ထဲ သမ္မတ တာဝန်ယူချိန်ကတည်းက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5