တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးအသစ် ခန့်အပ်

တောင်ကိုရီးယား ဆိုးလ်မြို့မှာ ကျင်းပတဲ့ မတ်လ ပထမဆုံးနေ့ လွတ်လပ်ရေး လှုပ်ရှားမှုနေ့ရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ တောင်ကိုရီးယား သမ္မတ Moon Jae-in မိန့်ခွန်းပြောစဉ် (မတ်၊ ၁၊ ၂၀၁၉)

တောင်ကိုရီးယားမှာ အစိုးရအဖွဲ့တွင်း အကြီးအကျယ် အပြောင်းအလဲလုပ်မယ့် အစီအစဉ် တစိတ်တပိုင်းအဖြစ် ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးကို ဒီကနေ့ပဲ သမ္မတ Moon Jae-in က အသစ်ပြောင်းလဲ ခန့်အပ်လိုက်ပါတယ်။

ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး Cho Myoung-gyon ရဲ့ နေရာမှာ ကိုရီးယားအမျိုးသား ပြန်လည်ပေါင်းစည်းရေး ဌာနရဲ့ အကြီးအကဲ အသက် ၅၅ နှစ်အရွယ် Kim Yeon-chul နဲ့ အစားထိုးဖို့ သမ္မတရဲ့ အဆိုပြုချက်ကိုတော့ လွှတ်တော်က ကြားနာစစ်ဆေး အတည်ပြုပေးရမှာပါ။

ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကိုရီးယားကျွန်းဆွယ်သစ် ထူထောင်လိုတဲ့ သမ္မတရဲ့ မျှော်မှန်းချက်တွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ့်သူ၊ ပေါင်းစည်းရေး ဝန်ကြီးဌာနကို အတိမ်းအစောင်းမရှိ ဦးဆောင်ပြီး၊ ကိုရီးယား ၂ ပြည်ထောင်ကြား သဘောတူညီချက်တွေ မြန်မြန်ဆန်ဆန် ရရှိအောင် ဆောင်ရွက်နိုင်မယ့်သူ ဖြစ်ကြောင်းလည်း သမ္မတရဲ့ ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေ ဖျက်သိမ်းပြီး၊ အပြန်အလှန်အနေနဲ့ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးရေး အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်မှာ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှု တစုံတရာမရပဲ အဆုံးသတ်ခဲ့ပြီး သီတင်းတပတ်လောက် အကြာမှာ တောင်ကိုရီးယား အစိုးရအဖွဲ့တွင်း အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။

အမေရိကန်က ဒဏ်ခတ်မှုတွေ လျှော့ပေါ့ပေးခြင်းအားဖြင့် တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြား စက်မှုဇုန်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အပါအဝင် စီမံကိန်းတွေ တိုးချဲ့သွားဖို့ မျှော်လင့်ထားတဲ့ တောင်ကိုရီးယား သမ္မတ အတွက်တော့ ထိပ်သီးအစည်းအဝေးပွဲ မအောင်မမြင် ဖြစ်ခဲ့ရတဲ့အတွက် အထိနာခဲ့တယ်လို့လည်း အကဲခတ်တွေက တွက်ကြပါတယ်။

တောင်ကိုရီးယား သမ္မတကတော့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အားကစားနဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ အသေးစားနဲ့ အလတ်စားလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနဲ့ ငါးဖမ်းလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးတွေကိုလည်း ပြောင်းလဲ ခန့်အပ်ခဲ့ပါတယ်။

Your browser doesn’t support HTML5

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးအသစ် ခန့်အပ်